Monday, June 25, 2012

ရေဘဲကြော်နှင့်မသိမူ






အင်းလေးသို့ လျှောက်လည်ရင် အလိုတော်ပေါက်ဘုရားသို့ ရောက်ခဲ့သည်။ အင်းလေးသို့ ကျွန်မ တစ်ခေါက်မှ မရောက်ဘူးချေ။အင်းလေးရောက်လျှင် အနှံ့လျှောက်လည်ပြီး
ဒေသအစားအစာတွေ အစုံ စားမည်ဟု မရောက်ခင်ကတည်းက ကျွန်မက ကျုံးဝါးထားသည်။ နေ့လည်စာစားချိန် ဖြစ်သဖြင့် ဘုရား အနောက်ဘက်ရှိ ဈေးတန်းထဲမှ ဆိုင်တစ်ဆိုင်တွင် နေ့လည်စာစားရန် ၀င်ထိုင်လိုက်သည်။ကျွန်မနှင့် အတူ ပါလာသော ကိုစိုးနိုင်က သန့်စင်ခန်းသို့ ထွက်သွားရာ ကျွန်မနှင့် ဆိုင်ရှင်ရှမ်းမကြီးသာ ကျန်ရစ် ခဲ့လေသည်။ ဆိုင်ရှင်အဒေါ်ကြီးက
ကျွန်မအား ရောက်တုန်းရောက်ခိုက် ဒေသခံစာ စားသွားဟုဆိုကာ မီနူးချပေးလေသည်။ အစားအသောက် မီနူးစာရင်းကို ဖတ်ရင်း မျက်စိကျသွားသည်က ငါးဒုက္ခနှင့် ရေဘဲကြော်။ ဆိုင်ရှင် အဒေါ်ကြီးက ညီမ လေး အင်းစာ အနေနဲ့တော့ ငါးဒုက္ခနဲ့ ရေဘဲကြော် ရတယ်။ ငါးဒုက္ခလေး စားကြည့်ပါ။ ဒီ ဒေသမှာပဲရတာ။ ငါးသေးသေးလေးတွေကို ရှမ်းငါးပိနဲ့ ကြော် ထားတာဟု ဆိုသည်။ ကျွန်မက ငါးဆိုလျှင် ငါးသလဲထိုး မှလွဲ၍ ငါး အသေးလေးတွေ မကြိုက် ယုံသာမက ကြော်ထားလျှင်ပိုလို့ပင် မကြိုက်သဖြင့် ငါးဒုက္ခ အပေါ် စိတ်ဝင်စားမှု လျော့နည်း သွားသည်။ သို့နှင့် ကျွန်မက ရေဘဲကြော်ကကောဟု မေးသော အခါ အဒေါ်ကြီးက ညီမလေး၊ ငါးဒုက္ခလေး စားကြည့်ပါ၊အင်း ထဲမှာမှ စားရတာ။ ရေဘဲကြော် ကတော့ ချိုချဉ်ဆော့နဲ့ လုံးကြော် ထားတာ။ ရေဘဲကြော်က ကျွန်မ အကြိုက်ကြော်ထားသည်ဖြစ်၍ ကျွန်မ ရေဘဲကြော်ကို မဲအပြည့် ပေးကာ ရေဘဲကြော်တစ်ပွဲနှင့် ရှမ်းထမင်းချဉ် တစ်ပွဲ မှာလိုက် သည်။ ကိုစိုးနိုင်ကမူ ပြန်ရောက် လာသောအခါ ရှမ်းထမင်းသုတ် တစ်ပွဲမှာလိုက်သည်။
          ၁၅မိနစ်ခန့်ကြာ သောအခါ ပူပူနွေးနွေး နီနီရဲရဲ ရေဘဲကြော် နှင့် ရှမ်းထမင်း ချဉ်ရောက်လာ သည်။ ရေဘဲကြော်သည် အသား တုံးလေးများ သေးသေးတုံး၍ ချိုချဉ်ဆော့နှင့် လုံး၍ ကြော်ထား ခြင်းဖြစ်သည်။ အသားမှာကြက် သားထက်နူးညံ့၍ ထင်ထားသည် ထက် ပိုလို့ ကောင်းမွန်သည်။ စားကောင်းသဖြင့် ရှမ်းထမင်း သုတ် တစ်မျိုးတည်း မှာထား သော ကိုစိုးနိုင်အား
''ကိုစိုးနိုင်၊ စားပါဦး၊ ရေဘဲ ကြော်က စားကောင်းတယ်။'' ကိုစိုးနိုင်က အင်းမလှုပ် အဲ မလှုပ်နှင့် အတုံးသေးလေးတစ်တုံး ယူစားသည်။ ရှမ်းထမင်းချဉ်နှင့် ရေဘဲကြော်ကလည်း အတော်ပင် လိုက်ဖက်ပြီး ဂျူးမြစ် ဖြူဖြူ ဖွေးဖွေး လက်လက် ဆက်ဆက်၊ ရှမ်းချဉ် နှင့် ငရုတ်သီးထောင်းတို့
ပေါင်းလိုက်သောအခါ နေ့လည် စာက အတော်ပင် မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်သွားချေသည်။
          ဈေး သက်သက်သာသာနှင့် ဗိုက် ဖောင်းအောင် စားလိုက်ရသဖြင့် ကျွန်မ အတော်ပင် ကျေနပ်သွား ခဲ့သည်။ ကျွန်မ ပီတိက ညနေအထိ မပျောက်သေး၊ ရှမ်းစာ စစ်စစ်ကို ရှမ်းပြည်နယ်ရှိ ရှမ်းစစ်စစ် ရောင်း သည့် ဆိုင်တွင် စားလိုက်ရခြင်း၊ တခြား ဒေသတွင် မတွေ့ဘူး သည့် ရေဘဲအား စားဖူး လိုက်ခြင်း စသည့် အတွေးက ခေါင်းထဲမှမထွက်သေး ချေ။ သို့နှင့် ကျွန်မ အမကြီးကဲ့သို့ နေသူ အစ်မ မစောမွန်သိမ့်အား အားရပါးရ ဖောက်သည်ပြန်ချ သည်။
''အစ်မရေ၊ ညီမ နေ့လည်က ရေဘဲကြော်နဲ့ ရှမ်းထမင်း စားခဲ့ တယ်သိလား''
ဤတွင် သူက မျက်မှောင်ကြီး ကျုံ့၍
''နင့်ကို ကိုစိုးနိုင်က ရေဘဲ ကြော် ၀ယ်ြွေကးတာလား။ ကိုစိုးနိုင်က ငါနဲ့သွားတော့ တစ်ခါ မှ မစားဘူး၊ နင်နဲ့ကျတော့ စားတယ်ပေါ့ç
တခုခုတော့ဖြစ်ချေပြီ။ သို့နှင့် သေချာပြန်စဉ်းစားပြီး...
''အဲလိုတော့ မဟုတ်ဘူး။ ညီမမှာထားပြီးမှ သူရောက်လာ တာ၊ ညီမမှာတာ သူမသိလိုက် ဘူး။''
''အေး အဲလိုဖြစ်ပါလိမ့်မယ်။ ငါတို့သွားရင်တော့ တခါမှ မစား ဘူး။
ရေဘဲကြော်က အင်းလေး က ရေပျော်ငှက်များ ဆိုပြီး ဘေးမဲပေး ထိန်းသိမ်းထားတဲ့ တောရိုင်း ငှက်တွေကို ငှက်မုဆိုး တွေက ခိုးထောင်ဖမ်းပြီး ရောင်းနေ တာဟဲ့။ ရောင်းတာ တွေ့ရင် ဖမ်းမယ်ဆိုပြီးတောင် အမိန့်ထုတ် ထားတာ၊ ပညာပေးတာ၊ အရေးယူတာတွေတောင် လုပ်နေ တယ်''
          ဘေးမဲ့ပေးထားသည့် ရေပျော်ငှက်များဆိုသည်မှာ ဆိုက်ဘေးရေးယားဒေသဘက်မှ
ဆောင်းခိုရန်လာသည့် ဧည့်သည်ငှက်များဖြစ်ချေသည်။ ထိုငှက်များ အင်းလေးကန်ဒေသသို့ လာရောက်ချိန်တွင်ကျက်စားတတ်သည့် နေရာများအား ဘေးမဲ့တောပြုလုပ် ၍ ပစ်ခတ်ဖမ်းယူခြင်း မခံရစေရန် ကာကွယ်စောင့်ရှောက်ပေးထားခြင်းဖြစ်သည်။ ထိုသို့စောင့်ရှောက်နေသည့်ကြားကပင် ငှက်မုဆိုးများက ရေကြက် (Common Moorhen or Gallinula chloropus)၊ ရေကြက်ရင်ဖြူ (White breasted water-bird or Amaurornis phoenicurus) ၊ မယ်ညို (Purple Swamp Hen or Porphyrio porphyrio)၊ ရေငုံး (Water Rail or Rallus aquaticus)၊ ငှက်နီမ (Ruddy-breasted Crake or Porzanafusca)၊ ရေကြက်မြီးခဲ ( Black-tailed Crake or Porzana bicolor) နှင့် ရေကြက်ညို (Brown Crake Porzanaakool) တို့အား ထောင်ဖမ်းကာ စားသောက်ဆိုင်များသို့ ရောင်းချလျက်ရှိသည်။ ကျွန်မစားခဲ့မိသည့် ရေဘဲသည် လည်း ဘေးမဲ့ငှက်တစ်မျိုး
အပါ အ၀င်ဖြစ်သည်။
          ငှက်များဘေးမဲ့တောထဲမှ ရေ ပျော်ငှက်များဟူသော စကားလုံးက ကျွန်မငယ်ထိပ်ကို သံတုတ် နှင့် ရိုက်လိုက် သလို ခံစားလိုက်ရ သည်။ ဒါမျိုးက တာဝန်ကြီး သည်။ ပြန်တွေးကြည့်မှ ဆိုင်ရှင် အဒေါ်ကြီးက ကျွန်မရေဘဲကြော် စားမည်ကို ကိုစိုးနိုင်နှင့်ပါလာသူ မို့ အင်းမလုပ်ပဲ ငါးဒုက္ခကို
အဆိုပြုပေးနေခဲ့သည်။ ကိုစိုးနိုင် ကလည်း သစ်တောမှ ၀န်ထမ်း တစ်ဦး၊ ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး သမားတစ်ဦး ဆိုလျှင် မမှား။ နေ့စဉ်အင်းထဲ၌ လှည့်လည်၍ သစ်တော ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစိတ်များထိန်းသိမ်းရေးနှင့် စိုက်ပျိုး နည်းစနစ်များ အကြောင်းကို ပညာပေးဟောပြော နေသူဖြစ်သည်။ ကျွန်မအစ်မဖြစ်သူမှာလည်း အင်းလေးကန် ဒေသဖွင့်ဖြိုးရေး အတွက် လုပ်နေသူ တစ်ဦးဖြစ် သည်။ သို့ဖြစ်ရာ တာဝန်သိစိတ်ဖြင့် ဘေးမဲ့တော တိရိစ္ဆာန်များ ဟင်းအဖြစ်စားသုံးခြင်းကို ရှောင်ကျဉ်နေခြင်းဖြစ်သည်။
          ကျွန်မအနေဖြင့် စစကြားချင်း မစားကောင်း သောအသားကို စားမိပြီဟူသည့် အတွေးဝင်လာ သည်။ အကယ်၍ ဤရေဘဲသည် ရှားပါးတိရိစ္ဆာန်ဖြစ်နေခဲ့မည်ဆိုလျှင် ကျွန်မ အတွက် ပိုတာဝန် ကြီးချေမည်။ လွန်ခဲ့သော ၃နှစ် ခန့်က ဖတ်ခဲ့ဖူးသော အကြောင်း အရာတစ်ခုရှိသည်။ ကာဇာဆတန် နိုင်ငံတွင် လူတစ်ယောက် သူ့အိမ် ခပ်လှမ်းလှမ်း တစ်နေရာ၌တွေ့သော ကျားတစ်ကောင်အား ဖမ်းချက် စားခဲ့သည်။ နောက် သူ၏အိမ်သို့ အာဏာပိုင်များရောက်လာချိန်သိလိုက်ရသည်က သူပစ် ခဲ့သော ကျားသည် သူတို့နိုင်ငံ၌ မျိုးတုန်း ပြောက်ကွယ်သွားပြီ ဖြစ်သော ကျားမျိုးစိတ်၏ နောက် ဆုံးလက်ကျန်တစ်ကောင်တည်း သောကျားဖြစ်သည်။ အာဏာပိုင်များက ထိုကျားအား မျိုးဖောက်ဖို့ ကြိုးစားရင်း ခြံခတ် မွေးမြူ ထားခဲ့သည်။ ထိုလူ၏ အဆိုအရ ကျားသည် နယ်ကျွံ့ပြီး သူ့အိမ်နား ရောက်လာ၍ ပစ်ခတ်သည်ဟု ပြန်လည်ချေပသည်။ ထိုသို့ဆိုစေ ကာမူ မိမိလျှာဖျား လက်နှစ် သစ်စာ အရသာခံရန်  မိမိတိုင်း ပြည်အတွင်း ကျားမျိုးဆက် ပြတ် သွားရသည့်ကိစ္စသည် အကယ်၍ သာ
ထိုသူသည် အရာအရာ အလေး အနက်ထား တတ်သူဆိုလျှင် တစ် သက်လုံး ကိုယ့်ကိုယ်ကို
အပြစ်တင် မဆုံး ဖြစ်သွားရမယ့် ကိစ္စပင် ဖြစ်သည်။
          ဤကိစ္စလေးမှာ ဘာမှမဟုတ် သလို ပြီးသွားခဲ့ သော်လည်း ဤကိစ္စနှင့်ပတ်သတ်၍ ခေါင်းထဲ တွင် ၀င်လာသည့် အတွေး လေးများရှိသည်။ ပထမဆုံး နေဖြင့် စာသုံးသူများ၏ မသိမှုဖြစ် သည်။ စားသုံးသူများ အနေဖြင့် သူတို့စားမည်ဆိုသော အသား သည် ဘေးမဲ့တောထဲ ကလာ သည်လား၊ မွေးမြူရေးခြံတွင်းမှ လာသည်လား၊ မျိုးတုန်းပြောက် ကွယ်မည့် စာရင်းထဲပါနေသည့် တိရိစ္ဆာန်လား စသည်ဖြင့် မသိနိုင်ပါ။ မီနူးပေါ်တွင် တွေ့လျှင် စားမည်၊ စားကောင်းသည်ပြောလျှင် စားမည်။
ထိုအစားအသောက် ဘယက်ကလာသည်၊ ဘယ်လို လာ သည်ဟူသော အတွေးမျိုး၊ သတိမျိုးမရှိချေ။ ကျွန်မအနေဖြင့် လည်း ဒေသစာစားမည်ဟူသည့် ဆန္ဒများသွားသဖြင့် သတိလက်လွတ် သွားသည်။ ရေဘဲကြော်ကို မြင် မြင်ချင်း ဒီအကောင်တွေ့ နေကျ အကောင်မဟုတ်ဟု ထင်လိုက်မိ သေးသည်။ သို့သော် ကန်ပေါ်၌ ရေဘဲလေးများ ပြေးနေသည်ကို ရှေ့ကတွေ့ထားသည်ကို ပြန်မြင် ပြီး
မွေးမြူထားသည့် တိရိစ္ဆာန်ပဲ လေဟူသော အတွေးဝင်ကာ စိတ်ချ လက်ချစား မိသည်။
ဖြစ်သင့် သည်မှာ မိမိစားသည့် အစား အသောက် ဘယ်က လာသလဲ ဆိုသည်ကို တတ်နိုင်သမျှ သိ အောင် မေးမြန်းပြီးမှ စားသည့် အကျင့်မျိုးထားသင့်သည်။ ကျွန်မ သိထားသည့် ပုံစံ ထူးထူးဆန်းဆန်းနှင့် သတ်သတ် လွတ် စားသော သူငယ်ချင်း အချို့ရှိသည်။ သူတို့က သူတို့ ကိုယ်သူတို့ အချိန်အခါလိုက် သတ်သတ်လွတ် သမားဟု ခေါ် သည်။ သူတို့က များသော အား ဖြင့် အသီးအရွက်စားသည်။ အသား ဆိုလျှင် အရင်ဆုံး မေးမြန်းသည်။ ထိုအသားသည် ကျန်းကျန်းမာမာ
ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ရသည့် တိရိစ္ဆာန်မှ လာသည့် အသား ဟုတ်ရဲ့လား၊ ဂေဟ၊ ပတ်ဝန်း ကျင် ပြဿနာများနှင့် ညိစွန်းမှု ကင်းရဲ့လား စသည်ဖြင့် မေးမြန်း ပြီး စိတ်ကျေနပ် လုံခြုံမှုရှိမှ စားလေ့ရှိသည်။ သူတို့စားသည့် တိရိစ္ဆာန်များသည် အသက်ရှင်စဉ် က ၀၀လင်လင် ပျော်ပျော်ရွှင်ရွှင် နှင့် ကောင်းကောင်း စားသောက် နေခဲ့ရမည်။ နောက်ဆုံး အသတ် ခံရသည့် အချိန်တွင်လည်း
နာကျင်မှု အနည်းဆုံးဖြင့် သေခဲ့သည့် တိရစ္ဆာန်ဖြစ်ရမည်ဟူသည့် ခံယူ ချက်ကို လက်ကိုင်ထားပြီး ထို အချက်များအား ရှင်းလင်းစွာ ဖြေရှင်းပေးနိုင်သော ဆိုင်တွင် သာ ၀ယ်ယူစားသုံးသည်။ စားခါ နီး မေးရမြန်းရ အလုပ်ပိုသဖြင့် အများစုမှာ သူတို့ အတွင်းကျကျ သိထားသည့် စားနေကျ ဆိုင် များမှာသာ အသားကိုသာစားပြီး ခရီးထွက်လျှင် ကျန်စားသောက် ဆိုင်များမှ အသားလုံးဝ မစား
သည့် အခြေအနေသို့ ရောက်သွား ကြသည်။ ကျွန်မအနေဖြင့် သူတို့ လောက် လိုက်မလုပ်နိုင်လျှင်ပင် တာဝန်သိစိတ် ဖြင့် သတိလေး ထား သင့်ခဲ့သည်။
သတိလက် လွတ် စားခြင်းထက် အကြောင်းစုံ သိပြီး အသိ၊ သတိဖြင့်စားချင်းက ပို၍
သင့်လျော်သည်ဟု ယူဆ သည်။ ဒုတိယအချက်မှာ သက်ဆိုင် ရာ တာဝန်ရှိ အာဏာပိုင်များ၏ ကိစ္စဖြစ်သည်။ စားသုံးသူ တစ်ဦး က စားခါနီး အမြဲသတိရှိ နေရ မည်ထက် တာဝန်ရှိသူများမှ သတိ
ပေးရမည်။ ကြေငြာချက်များ စားသုံးသူအများ သိစေရန် ထုတ် ပြန်ပေးထားရမည်။ စားသုံးများ အနေဖြင့် ဒေသခံ မဟုတ်လျှင် သိဖို့ရာ ခဲယဉ်းသည်။ သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် ဆိုင် ပိုင်ရှင်များအား ပညာပေးသည် ကတစ်နည်း၊ ထို့အတူ စားသုံးသူ များအား သတိပေးသည်က တစ်နည်း ကြပ်ကြပ် မတ်မတ်ပြုသင့်သည်။ တတိယအချက်မှာ အစ်မနှင့် ကိုစိုးနိုင်ကဲသို့ တာဝန်
သိစိတ်ဖြင့် လက်တွေ့ ရှောင် ကျဉ်နေသူများရှိသည်ကို တွေ့ရ သဖြင့် ၀မ်းသာမိသည်။ သူတို့ တတွေသာ သိတတ် နားလည် ရုံတင်မကဘဲ လက်တွေ့ ကျင့်သူများ အမြောက်အများ ရှိသင့် သည်ဟု ယူဆမိပါသည်။ စာဖတ်သူများအနေဖြင့် အင်းလေးသို့ အလည်တခေါက် ရောက်သည့်အခါ ကျွန်မတို့ နိုင်ငံ အတွင်း ဒေသအတွင်းသို့ အလည် လာသည့်၊ ခေတ္တခဏ နားခိုလာ သည့်
ထိုဧည့်သည် ငှက်ကလေး များအား ဖမ်းဆီးရောင်းချ နေ သည်ကိုတွေ့လျှင် မ၀ယ်ယူမိစေ ရန် သတိထားစေချင်သလို မစားမိ စေရန်လည်း ဂရုစိုက်သင့် စေချင် ပါသည်။ အင်းလေးဒေသ၌ သာမက အခြား အရပ်ဒေသများ၌လည်း ထိုကဲ့သို့ ဘေးမဲ့ ပေးထားသောငှက်များ တိရိစ္ဆာန် များအား ဖမ်းဆီး သတ်ဖြတ်ခြင်း မှ ကင်းဝေးလာပါက ကျွန်မတို့၏ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ကိစ္စသည်လည်း အောင် မြင်မှာမလွဲပေ။  
ဖူးပြည့်စုံ

No comments:

Post a Comment

Note: Only a member of this blog may post a comment.