Friday, July 27, 2012

ဂျပန်တို့ဟူး ဗူးညွန့်ကြော်

ဒါလေးကတော့ တလောက အသိတယောက်အိမ်မှာ နေ့လည်စာ ဗူးညွန့်ကြော်လေးချက်ထားတာတွေ့လို့ စားကောင်းတာနဲ့မေးကြည့်ခဲ့တာပါ။ လွယ်လွယ်ကူကူနဲ့ အရသာလည်း ထူးခြား၊ ကျန်းမာရေးလည်း ညီညွတ်တာကြောင့် Share လိုက်တာပါ။ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ ဆီသတ်တာနဲ့တင် အနံ့ကတော်တော်မွှေးနေပါပြီ။ ကိုယ့် စိတ်ကြိုက် ဂျပန်တို့ဟူးနဲ့ အရသာပိုကောင်းမယ်ထင်တာနဲ့ ခရုဆီနှင့် ကြက်သားမှုန့် ထပ်ထည့်ပြီးချက်လိုက်တော့ အရသာက ပိုပြီး စိတ်ဝင်စားစရာကောင်းသွားပါတယ်။ ပါတဲ့ ပစ္စည်းတွေက ရိုးရိုးလေးတွေပဲမို့ ရပ်ဝေးမှာနေတဲ့ သူငယ်ချင်းတွေ အတွက်လည်း အဆင်ပြေပါတယ်။ ချက်စားကြည့်ကြပါဦးနော်။

ပါဝင်သော ပစ္စည်းများ


  1. ဂျပန် ကြက်တို့ဟူး
  2. ဗူး ညွန့်၊ ဖရုံညွန့်
  3. ကြက်သွန်ဖြူ ၈မွှာ
  4. သံလွင်ဆီ
  5. ခရုဆီ
  6. ကြက်သားမှုန့်
  7. ဆား
  8. ငံပြာရည်
ဂျပန် ကြက်တို့ဟူးကို ကိုယ်စားချင်တဲ့ အနေတော် အရွယ်လေးများလှီးပါ။ သံလွင်ဆီကို ဆီသက်ပါ။ တို့ဟူးကို ဆီထဲတွင် အပေါ်ယံအကြောတင်းလာသည်အထိ ကြော်ပါ။ တို့ဟူးရဲ့ နှစ်ဘက်စလုံး ကို တင်းအောင် လှန်ပေးပါ။ ပြီးရင် တို့ဟူးကို ဒယ်အိုးထဲမှ ခဏထုတ်ထားလိုက်ပါ။ ပြီးနောက် ကြက်သွန်ဖြူ ၈ မွှာခန့်ကို ဓားပြားဖြင့် ရိုက်ပြီး သံလွင်ဆီဖြင့် ဆီသက်ပါ။ ဗူးညွန့်၊ ဖရုံညွန့်များကို ထည့်လိုက်ပါ။ ခရုဆီ ဟင်းခတ်ဇွန်း ၂ဇွန်းခန့်ထည့်ပါ။ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတဇွန်းထည့်ပါ။ ငံပြာရည် လက်ဖက်ရည်ဇွန်းသုံးဇွန်းစာထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး ရေကို ရေနွေးကြမ်း ပန်းကန်လုံး နှစ်လုံးစာထည့်ပါ။ တို့ဟူးများကို ပြန်ထည့်ပြီး ဖြေးဖြေးချင်းမွှေပေးပါ။ တို့ဟူးက နူးညံ့လို့ မွှေတာကြမ်းလျှင် ကြေသွားနိုင်ပါတယ်။ ပြီးရင် အဖုံးဖုံးပြီး ၃ မိနစ်ခန့်တည်ထားလိုက်ပါ။ အရွက်အနေတော်ဖြစ်ပြီဆိုရင်တော့စားလို့ရပါပြီ။ 
         

Friday, July 13, 2012

အမေရိကန်ပြည်ထောင်စုမှ လျှပ်စစ်မသုံးသည့် အားမစ် (Amish) လူမျိုးများ


ဆောင်းတွင်းကျောင်းပိတ်ရက်တရက် အခန်းဖော်နှင့်ကျွန်မ အနီးအနားက မြို့လေးတမြို့သို့ အလည်အပတ်သွားရန် ကားဖြင့်ထွက်လာခဲ့သည်။ မနက်၈နာရီသာရှိသေးသဖြင့် မြူများကလည်း ခပ်မှိုင်းမှိုင်းကျနေသည်။ တနေရာ ၌ ကျွန်မတို့ ကားရှေ့ အနက်ရောင် ရထားလုံးတစီးကိုတွေ့လိုက်ရသည်။ ထိုရထားလုံးကို သန်မာ၊ဖြူဖွေးနေသည့် မြင်းဖြူကြီးတကောင်က ဆွဲလာသည်။ မြင်းကြီး အရွယ်အစားမှာလည်း ကျွန်မတသက်နဲ့တကိုယ် တခါမျှမမြင်ဘူးသည့် ခန္ဓာကိုယ်အရွယ်အစားဖြစ်ပြီး ခေါင်းမှ အမြီးထိ အနက်ရောင်၊အညိုရောင်တကွက်မရှိ ဖြူဖွေးနေသည်။ လည်ဆံမွှေးများက ရိတ်ထားခြင်းမရှိ၊ တလွှားလွှားကျနေပြီး အမြီးမှာတော့ ကျစ်ဆံမြီး သပ်သပ်ရပ်ရပ်စည်းထားသည်။ မြူများထဲမှ ထွက်လာပြီး ကျွန်မတို့ကားနားသို့ရောက်လာသော  ထိုဧရာမမြင်းဖြူကြီးနှင့်အနက်ရောင်ရထားလုံးကြီးအား မှင်သက်မိနေခိုက်၊ ကျွန်မအခန်းဖော်က အံ့သြတကြီးဖြင့် ကျွန်မအားလှမ်းအော်တယ်။ ဖူး... လှည်းထဲက လူကိုကြည့်။ သူပြောမှ ကျွန်မ ရထားလုံးမောင်းနေသည့်လူပေါ်အာရုံရောက်သွားသည်။ ရထားလုံးအတွင်း၌ အသက် ၈၀ခန့်ရှိမည့် လူကြီးတဦး။ တကိုယ်လုံးဖြူဖွေးနေသည့် ၀တ်ရုံကို ၀တ်ထားသည်။ ဆွတ်ဆွတ်ဖြူနေသည့် ဆံပင်ရှည်ကို ဖားလျားချပြီး နောက်၌ သိမ်းထားသည်။ သူ ၏ မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးများကလည်း ဖြူဖွေးနေပြီး ၀မ်းဗိုက်အလည်ထိကျနေသည်။ ထိုထက်စိတ်ဝင်စားစရာကောင်းသည်မှာ သူ ၏ ဖြူဖြူဖွေးဖွေး မျက်ခုံးမွှေးများက လည်ပင်းနားထိရှည်းလျားစွာကျနေခြင်းဖြစ်သည်။ ထိုပြင် သေးငယ်လှသည့် မျက်မှန် ကိုလည်း တပ်ထားသေးသည်။ သူအားကြည့်ပြီး ရုတ်တရက် Harry Potter ဇာတ်လမ်းထဲမှ Harry ၏ ကျောင်းအုပ်ဆရာကြီးဖြစ်သူ Dumbledore ကို သတိရမိသည်။ အရပ်အထောင်အမောင်း ရုပ်ရည်ချင်း ချွတ်ဆွတ်မတူသော်လည်း အသွင်အပြင် ပုံပန်းသဏ္ဏ္ဏ္ဏာန်မှာ Dumbledore အတိုင်းပင်ဖြစ်သည်။ ထိုအခိုက် ကျွန်မ အခန်းဖော်မှ “ဒါ အားမစ်ကွ!” ဟု ရေရွတ်လိုက်တယ်။ ထို လူကြီး ကျွန်မတို့ ဘေးမှ ဖြတ်သွားပြီး အတော်ကြာသည်အထိ ကျွန်မတိုနှစ်ယောက် သူ့အဆွေးအနွေးမပြတ်နိုင်ခဲ့ကြချေ။ ကျွန်မက ဒီလူကြီး Harry Potter ကားကြည့်ဖူးလို့ Dumbledore နဲ့တူအောင်တမင်လိုက်တုပြီးနေတာဖြစ်မယ်လို့ဆိုလိုက်သည်။ ထိုအခါ အခန်းဖော်က မဖြစ်နိုင်ဘူး၊ အားမစ်ပါဆိုမှ ဟယ်ရီပေါ်တာတောင် ကြည့်ဖူးရဲ့လားမသိ။ သူငယ်ချင်းပြောမှ ကျွန်မ ပြန်သတိရမိသည်။ အားမစ်ဖြစ်သည့်အတွက် ရုပ်ရှင် ဗွီဒယို ကဲသို့ လျှပ်စစ်အခြေခံ ဇိမ်ခံပစ္စည်းများ ကြည့်ရှု၊သုံးစွဲသည်မှာ သိပ်တော့ မဖြစ်နိုင်ချေ။
အားမစ်ဆိုသည်က အမေရိကန်ပြည်ထောင်စုရှိ လျှပ်စစ်မီး နှင့် ခေတ်မှီ နည်းပညာပစ္စည်းများ မသုံးသည်နှင့်ပတ်သတ် ၍ နာမည်ကြီးသည့် လူမျိုးစုတစုဖြစ်သည်။ အားမစ်များသည် ဘာသာရေးအခြေခံဖြင့် ကွဲနေသော လူမျိုးစုဖြစ်သည်။ သူတို့သည် ခေတ်မှီ အသုံးအဆောင်များဖြင့် ပြည့်နှက်နေသည့် မြို့ကြီးပြကြီးများကို မနှစ်သက်၊ ကျေးလက်ဆန်သည် အရပ်များတွင်သာ နေထိုင်သည်။ လူဦးရေ နှစ်သိန်း ငါးသောင်းခန့်ရှိပြီး ပင်ဆယ်ဗေးနီးယား(Pennsylvannia)၊ အင်ဒီယားနား(Indiana)၊ အိုဟိုင်းအိုး (Ohio) နှင့် ကနေဒါနိုင်ငံ အွန်တရီအို (Ontario) တို့ ၌ အဓိကနေထိုင်ကြပြီး ကျွန်မကျောင်းရှိသည့် ၀ူစတာမြို့ (Wooster)တွင်လည်း အားမစ်အတော်များများတွေ့လေ့ရှိပါသည်။
အားမစ်များသည် သူတို့၏ ထူးခြားသော ဘ၀နေထိုင်မှုပုံစံများကြောင့်ထင်ရှားသည်။ အားမစ်များသည် လယ်ယာစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ခြင်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုသည်။ သူတို့၏ နေ့စဉ်ဘ၀သည် လယ်ယာလုပ်ခြင်း၊ အိမ်သိမ်းဆည်းခြင်း၊ ကလေးထိန်းကျောင်းခြင်းဖြင့်သာ အချိန်ကုန်သည်။ ဘ၀အား အရိုးရှင်းဆုံးနေထိုင်သွားရန်မှာ သူတို့၏ အဖွဲ့အစည်းအတွင်းမှ ခံယူချက်ဖြစ်သည်။ ထိုသို့နေထိုင်ရန်အတွက်လည်း အမေရိကန်နိုင်ငံကဲသို့ ခေတ်မှီိတိုးတက်သော နိုင်ငံကြီး ၌  နေလင့်ကစား ခေတ်မှီပစ္စည်းများသုံးခြင်းကို အတတ်နိုင်ဆုံး ရှောင် ၍  နေထိုင်သည်။ အထူးခြားဆုံးမှာ သူတို့ က လျှပ်စစ်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များ မသုံးခြင်းဖြစ်သည်။ တယ်လီဖုန်း၊ကား၊ လျှပ်စစ်မီးဖို၊ တီဗွီ၊ ကွန်ပျူတာ၊ အ၀တ်လျှောက်စက်၊ အခြားလျှပ်စစ်ဖြင့်ပြုလုပ်သည့် ဇိမ်ခံပစ္စည်းများ ဘာတခုမျှမသုံးချေ။ အံ့သြသွားမည်ထင်သည်။ လျှပ်စစ်မီးတောင်မသုံးတော့ဘူးလား ဟုမေးစရာရှိသည်။ မှန်သည်။ ညနေစောင်းသည်နှင့် မှောင်သည်ထင်လျှင် ဖယောင်းတိုင်ထွန်းနေသည်။ အမေရိကန်ကဲသို့ ၂၄နာရီ ထိန်ထိန်ညီးနေသည့် နေရတွင် ဖယောင်းတိုင်ချည်းပဲ တောက်လျှောက်သုံးလာရသည်မှာ့ မလွယ်ချေ။ ညနေ မှောင်ရီပျိုးချိန် ၇နာရီ ၈နာရီဆိုလျှင် အားမစ်တို့ ဖယောင်းတိုင်မီးလေးများ မှုတ်ပြီး အိပ်ရာဝင်ကြသည်။ မနက် မိုးမလင်းသေးမီပင် လူကြီးများက ထ ၍ လယ်ကွင်းထဲသို့ ဆင်းရန်ပြင်ကြသည်။ သားသမီးအငယ်များရှိသည့် အိမ်ဆိုလျှင် မိခင်ဖြစ်သူက ကလေးငယ်များ ကျောင်းသွားရန် မနက်စာစားရန်ပြင်သည်။ ထို့နောက် သားသမီးများကကျောင်းသွား၊ အိမ် ၌ ကျန်ရစ်သော တနေကုန် တနေခမ်း တောက်လျှောက်အလုပ်လုပ်သည်။ ၁၂ နှစ် ၁၃နှစ်ခန့်ရှိသော သားသမီးကြီးများဆိုလျှင် မိဘနှင့်အတူဝိုင်းလုပ်သည်။ အားမစ်လူမျိုးစုများတွင် အလုပ်သည်သာ ပဓာနဖြစ်သည့်အတွက် ကလေးတယောက် ပြော ၍ ဆို ၍ နားလည်လာသည်ဆိုသည်နှင့် အိမ်အလုပ်အား ၀ိုင်းကူနိုင်ရန် သင်ပေးတော့သည်။ ၄၊ ၅နှစ်သာရှိသော ကလေးများဆိုသော်လည်း ကြမ်းတိုက်၊ဖုန်သုတ်အလုပ်လောက် လုပ်ကြသည်။ ဤတော့ ခေတ်သစ်ပစ္စည်းများ၊ ကွန်ပျူတာပင်မသုံးသည့် သူတို့အသိုင်းအ၀ိုင်းတွင် ဘာအလုပ်တွေရှိလို့ ဒီလောက်အလုပ်များနေကြသလဲဟု မေးချင်မည်။ အားမစ်များတွင် အလုပ်ပျက်သည်ဟူ ၍ မရှိ။ အကြောင်းမှာ လျှပ်စစ်ပစ္စည်းများ အသုံးမပြုခြင်းက အားမစ်တို့ အား အလုပ်ပိုစေသည်။ ဥပမာ၊ အ၀တ်လျှော်သည် ဆိုလျှင် ကျွန်မတို့သာမန်အိမ်တွင်အ၀တ်လျှော်စက်ထဲ ထည့်လျှော်မည်။ အစားအသောက်ချက်လျှင် လျှပ်စစ်မီးဖိုသုံး ၍ ချက်မည်။ အားမစ်များအတွက်မူ အ၀တ်ကိုလက်ဖြင့်လျှော်၊အစားအသောက်ကို မီးမွှေး ၍ ချက်သည့် အတွက် အချိန်ပိုကုန်သည်။  

                     


ပုံ ၁- အိမ်အလုပ်ဝိုင်းကူလုပ်နေကြသော အားမစ် ကလေးငယ်နှစ်ဦး။ ပုံ ၂ - မြင်းဖြင့် လယ်ထွန်နေသော အားမစ်အမျိုးသားတဦး၊ (အားမစ်များသည် ထွန်စက်များလုံးဝအသုံးပြုခွင့်မရှိချေ။)
 
               အားမစ်များ ထိုသို့ လျှပ်စစ်အသုံးအဆောင်များ မသုံးစွဲ ဆိုသည်မှာ အပေါ်ယံ၊ဟန်ပြမဟုတ်ချေ။ စည်းမျဉ်း စည်းကမ်းတခုအနေဖြင့် စောင့်ထိန်းခြင်းဖြစ်သည်။ အရေးကြီးကိစ္စပေါ်လာ၍ တယ်လီဖုန်းသုံးရန် ကားသုံးရန်ရှိလျှင် မိမိ မိတ်ဆွေနီးစပ်ရာအိမ်များသို့ သွားပြီး အကူအညီတောင်းခံလေ့ရှိသည်။ ဤမျှ တင်းကျပ်သည့် ဘ၀နေထိုင်ပုံအား စစကြားခြင်း ဘာကြောင့် သူတို့ ဒီလိုဘ၀မျိုးနဲ့နေထိုင်ဖို့ ရွေးချယ်ကြတာလဲ၊ ဒီလိုနေထိုင်မှုပုံစံကိုလည်း သူတို့ဟာသူတို့ မေးခွန်းမထုတ်တော့ဘူးလားဟု မေးခွန်းထုတ်ခဲ့သည်။ စာဖတ်သူလည်း ဤသို့ စဉ်းစားနေမည် ထင်သည်။ အားမစ်တို့ ဤသို့နေထိုင်ခြင်းက သူတို့တဦးတယောက်၏ ကိုယ်ပိုင်ရွေးချယ်မှုမဟုတ်ပါ။ သူတို့၏ အားမစ်ဆိုသည့် လူ့အဖွဲ့အစည်းတခုမှေ၇ွးချယ်ထားသော ပုံစံဖြစ်ပါသည်။ သို့ဖြစ် ၍ အားမစ်တယောက်ဖြစ်လျှင်၊ အားမစ်အဖွဲ့အစည်းတွင်းမှ မွေးဖွားလာလျှင် ထိုနေထိုင်မှုပုံစံအတိုင်း တင်းကျပ်စွာ နေထိုင်ကြရသည်။
အားမစ်ဆိုသည့်အဖွဲ့အစည်းတွင် စည်းမျဉ်းစည်းကမ်းများဖြင့် ပြည့် ၍နေသည်။ အထင်ရှားဆုံအနေဖြင့် လျှပ်စစ်ပစ္စည်းဘာတခုမျှမသုံးရပါ ဟူသည့်စည်းကမ်း။ ၀တ်စားဆင်ယင်ခြင်း ၌ ဆိုလျှင် မိန်းမများသည် ဆံပင်ကိုစည်း ၍ အားမစ် ခေါင်းအုပ်ကိုဆောင်းထားရသည်။ ဆံပင်ဖားလျားချထားလျှင် မကောင်းသည့်မိန်းမဟုသတ်မှတ်သည်။  ဂါဝင်အရှည်ကို လုံခြုံစွာဝတ်ဆင်ကြသည်။ ယောကျောင်္းများသည် ကြိုးသိုင်းပါသော ဘောင်းဘီကို ၀တ်ဆင်ရသည်။ ထို့နောက် ခရီးသွားလျှင် ဘက်ဂီ(Buggy) ဟုခေါ်သော ရထားလုံးနှင့်မြင်းလှည်းကိုသာသုံးရမည်။ သူတို့၏ ရထားလုံးသည်လည်း အနက်ရောင်ဖြစ်ရမည်။ အားမစ်များတွင် အရာရာတိုင်းလိုလိုအတွက် စည်းကမ်းများရှိသည်။ စက်ဘီးဆိုလျှင် ခြေနင်းပြားမပါသည့် ခြေဖြင့် တွန်းသွားရသည့် စက်ဘီးသာစီးရသည်။ မြင်းသိုင်းကြိုးများသည် အရောင်တမျိုးတည်းသာဖြစ်ရမည်။ ယောကျော်းလေးများ ကြိုးသိုင်းအကျီဝတ်ဆင်လျှင် ကြိုးအား ကြက်ခြေခတ်သိုင်းရမည်၊ သို့မဟုတ် အတည့်  သိုင်းရမည် စသည်ဖြင့် အသေးစိတိ စည်းကမ်းများရှိလေသည်။


          ထိုစည်းမျဉ်းများကို အားမစ်အဖွဲ့အစည်းတွင်းရှိ ခရစ်ယာန်ဘုရားကြောင်းများမှ သက်ကြီးဝါကြီး တာဝန်ရှိသူများက သတ်မှတ်၊ ပြ ဌာန်းပေးသည်။ အားမစ်များသည် ဘာသာရေး အလေးအနက်ထားသောသူများဖြစ်ပြီး ဘုရားကျောင်းမှ ပြ ဌာန်းထားသော စည်းမျဉ်းများဆိုလျှင် တသွေးတသန်တမိန့်လိုက်နာကြသည်။ ဤသို့ ဘာသာရေးအစွန်းေ၇ာက်ခြင်းနှင့် စည်းမျဉ်းများဖြင့်နေထိုင်ခြင်းကြောင့်လည်း အားမစ်လူမျိုးများဟူ ၍ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
အားမစ်၏ သမိုင်းကိုပြန်ကြည့်သော် အားမစ်တို့သည် အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ကျော်ခန့်က ရောက်ရှိလာခဲ့သည်။ ကျွန်မဖတ်ဖူးသည့် စားများအဆိုအရ ဆွစ်ဇလန်နိုင်ငံနှင့် ဂျာမန်နိုင်ငံမှ ဘာသာရေးခေါင်းဆောင်တချို့သည် သူတို့၏ ဘာသာရေးအယူအဆများကြောင့် ပြစ်မှုသင့် ၍ ကွတ်မြက်ခံရမည့်ဘေးမှ လွတ်မြောက်ရန် အမေရိကန်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။ သူတို့နှင့်အတူ ဂျာမန်စာဖြင့်ရေးသားထားသော   သမ္မတ ကျမ်းစာ စာအုပ်များလည်း ပါလာသည်။ ကျမ်းစာများမှာ ရှေးဟောင်းဂျာမန်စာဖြင့် ရေးသားထားသည့်အတွက် အပြည့်အ၀နားလည်ခြင်းမရှိကြချေ။ ဤတွင် သူတို့တတ်သလောက်မှတ်သလောက် ဘာသာရေးအသိနှင့်တွဲဖက် ၍ ကိုယ်ပိုင် စည်းမျဉ်းများ ရော ၍ချလာသည်။ သူတို့ ထုတ်ထားသော စည်းမျဉ်းများအား မည်သူမျှမေးခွန်းထုတ်ခွင့်မရှိ။ ချိုးဖောက်ပါက ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဟုဆိုလာကြသည်။ ချက်စ်ကျောင်းမှ အာဏာပိုင်သက်ကြီးပိုင်းများက အခြားအားမစ်များအား မင်းတို့အနေဖြင့် သမ္မတကျမ်းစာ နားမလည်ခြင်းတွက် ဘာမှ ပူရန်မလို၊ငါတို့ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျှင် ဘာပြသနာမျှမရှိဟုဆိုကာ အားမစ်လူမျိုးစုအား ထိန်းသိမ်းခဲ့သည်။ နောင်တွင် ပြ ဌာန်းထားသော ဥပဒေအချို့ အစွန်းရောက်လာသည်၊ မလိုက်နာနိုင်ဟုထင်လာသောအခါ အဖွဲ့အစည်းအတွင်း အက်ကြောင်းများပေါ်လာပြီး  အုပ်စုများကွဲလာသည်။ ထိုအခါ အုပ်စုတစုနှင့်တစု စည်းမျဉ်းများလည်း ကွာလာသည်။ အချို့အုပ်စုက ရထားလုံးသည် အမည်းဖြစ်ရမည်၊ အချို့ ခဲရောင်ဖြစ်ရမည်။ အချို့က ယောကျောင်္လေးများဝတ်သည့် ကြိုးသိုင်းသည် ကြက်ခြေခတ်ဖြစ်ရမည်။ အချို့က အတည့်ဖြစ်ရမည် စသည်ဖြင့် အသေးအဖွဲလေးမှ အစအနည်းငယ်စီကွာခြားသွားကြသည်။
အားမစ်များ အမေရိကန် ၌ အခြေကျကြာလာသောအခါ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာသည်။ (ယခင်က ဂျာမန်နှင့် ဒက်ခ်ျ ဘာသာစကားကို ပြောသည်။ ယခုအခါ အင်္ဂလိပ်နှင့် ပင်ဆယ်ဗေးနီးယန်း ဒက်ခ်ျ (Pennsylvanian Ductch) ဘာသာစကားနှစ်ခုပြောကြသည်)။ အင်္ဂလိပ်စာ ကျွမ်းကျင်လာသည့်အလျောက် သူတို့ ကိုးကွယ်နေသည့် ခရစ်ယာန်ဘာသာနှင့် ပတ်သတ်သော ကျမ်းစာများအား အင်္ဂလိပ်လိုရေးသားထားသည်များကို ဖတ်ကြည့်သူများရှိလာသည်။ ဤတွင် သူတို့ မမှိတ်မသုန်လိုက်နာနေသော စည်းမျဉ်းများသည် သခင်ယေရှုဟောကြားခဲ့သည် တရားများတွင် မပါသည်ကို စိတ်မကောင်းစွာဖြင့်တွေ့လာရသည်။
            ထို အပြင် ၌ ကျမ်းစာကိုလေ့လာမိသူများသည် ချက်ခ်ျ (Church) ၏ အာဏာပိုင်တို့နှင့် သဘောကွဲလွဲကာ ပရိပက္ခဖြစ်လာသည်။အားမစ်အဖွဲ့အစည်းတွင် ကျမ်းစာအား ကိုယ့်သဘောနှင့်ကိုယ်လေ့လာပြီး အာဏာပိုင်အဖွဲ့အစည်းအား မေးခွန်းထုတ်ခြင်းသည် တင်းကြပ်စွာတာမြစ်ထားသော စည်းမျဉ်းဖြစ်သည်။ ထိုစည်းကမ်းကို ဖောက်ဖျက်မိသည်ကို တွေ့ရှိပါက သို့မဟုတ် သူတို့ချမှတ်ထားသော ကြီးမားသည့် စည်းကမ်းတစုံတရာကို ဖောက်ဖျက်မိပါက အားမစ် အဖွဲ့အစည်းတွင်းမှ ကျဥိခြင်းခံရလေသည်။ အကျဉ်ခံရခြင်းသည် အဖွဲ့အစည်းအသိုက်အ၀န်းနှင့်နေရသော အားမစ်လူမျိုးများအတွက် အကြီးကျယ်ဆုံးပြစ်ဒဏ်ဖြစ်သည်။ 
အားမစ်အဖွဲ့အစည်းတွင် အကျဉ်ခံရလျှင် ခံရသူသည် အပတ်စဉ်တက်နေသာ ဘုရာကျောင်းသို့ တက်ရောက်ဝတ်ပြုခွင့် မရတော့ချေ။ ထို့ထက်ဆိုးသည်က ကိုယ်၏ ဘုရားကျောင်းအတွင်း ရင်းနှီးကျသော မိတ်ဆွေများက ကိုယ့်အားရှောင်လာသည်။ အဖွဲ့အစည်းတွင်းပေးသည့် အကူအညီများလည်း ရပ်တန့်သွားသည်။ ယခင်က တရင်းတနှီး ဖတ်ခေါ်ခံခဲ့ရသည့် စားပွဲများသို့လည်း ဖိတ်ကြားခြင်းမခံခဲ့ရတော့။ မိမိ၏ မိဘများသည်ပင် မိမိအိမ်မှ ချက် ၍ပို့သည့် အစားသောက်အား မယူရဲ၊မစားရဲလောက်အောင်ဖြစ်လာသည်။ သို့အတွက် ပြင်ပ ကမ္ဘာ ခေတ်မှီတိုးတက်လာသလောက် အပြင်လောကနှင့် ရောနှောရန်လည်း သတ္တိမရှိသဖြင့် အားမစ်အဖွဲ့အစည်းသည်သာ သူတို့၏ တခုတည်းသော အားထားရာဖြစ်နေသည့် အားမစ်လူမျိုးများအတွက် အဆက်အသွယ်ဖြတ်ခံရခြင်းအား အလွန်အမင်းကြောက်ရွံ့ကြသည်။
ကျမ်းစာ တတ်လာသည့်အလျောက် အားမစ်အဖွဲ့အစည်းတွင်း အချို့သည် သခင်ယေရှုဟောခဲ့သည်နှင့် ဘာမှ မဆိုင်သော စည်းကမ်းများအား လက်တလုံးကြား ချိုးဖောက်တတ်လာသည်။ အိမ်တွင် ဖုန်းမသုံးရ၊ အိမ်အတွင်း ၀ိုင်ယာကြိုးမဖြတ်ရဟုဆိုသဖြင့် ဖုန်းလိုင်းများအား အပြင်သို့ထုတ်ကာ အိမ်အတွင်းတွင် ကြိုးမဲ့ဖုန်းများ ခိုးသုံးသည်များလည်းရှိသည်။ ကျွန်မသွားရောက်လေ့လာခဲ့သည် လယ်ယာစိုက်ပျိုးရေးပစ္စည်းရောင်းချသည့် ဆိုင်တွင် အားမစ်အချို့ လယ်ကွင်းသုံး ထရက်တာများ လာဝယ်ကြသည်များတွေ့သည်။ အရောင်းဆိုင်ပိုင်ရှုင်ကြီးကပင် အားမစ်တွင် အဆင့်အမျိုးမျိုးဖြင့် အားမစ်များရှိကြောင်း၊ သူတို့သွားရောက်သည့် ဘုရားကျောင်းမှ ထရက်တာသုံးခွင့်ပြုထားလျှင် သုံးရန်လာဝယ်တတ်ကြကြောင်းရှင်းပြသည်။
အားမစ်အဖွဲ့အစည်းသည် သူတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်အား ထိန်းသိမ်းကာ အမေရိကန်ပြည်ထောင်စု၏ တဟုန်ထိုးတိုးတက်မှုကို အန်တု ၍ အချိန်အတော်ကြာ နေလာခဲ့သည်။ သို့သော်လည်း တိုးတက်မြန်လွန်းလှသည့် ကာလနှင့်လျော်ညီသည့်အပြောင်းအလည်းများလုပ်လာခဲ့ကြရသည်။ ဥပမာ ကားများပေါလာသည့် ခေတ်တွင် ညခင်းခရီးသွားလျှင် သူတို့၏ ရထားလုံးများအား မြင်သာစေရန်၊ အန္တရယ်ကင်းစေရန် ရထားလုံးများတွင် ရောင်ပြန်ပြားများ တပ်ဆင်လာကြသည်။ ကိုယ့်ဆန္ဒနှင့်ကိုယ် စည်းမျဉ်းများ လက်တလုံးကြားခိုးပြင်လာသည်များလည်း ရှိလာသည်။ ဤသို့ကြည့်လျှင် အားမစ်အဖွဲ့အစည်း ၌ ရော့ရဲမှုများ ပျော့ပြောင်းမှုများ ရှိလာသည်ကိုတွေ့ရသည်။ သို့ဖြစ် ၍ တချိန်တွင် ခေတ်၏တိုးတက်မှုကြောင့် အားမစ်လူမျိုးများ ပြောက်ကွယ်သွားမည်လားဟူလည်း တွေးမိသည်။ သို့သော် တဖက်တွင်လည်း ဘာသာရေးအရ မဟုတ်လျှင်ပင် မိမိတို့ လူမျိုးစု ယဉ်ကျေးမှုအတွက် ဤနေထိုင်မှုဘ၀ပုံစံကိုဆက်လက်ထိန်းသိမ်းမည်ဟု ခံယူထားသူများလည်းရှိသည်။ သို့အတွက် ချစ်စရာကောင်းသောအားမစ် လူမျိုးစု၏ အနာဂတ်သည် မည်သို့မည်ပုံဖြစ်မည်ဆိုသည်ကို အချိန်ကသာအဖြေပေးပေလိမ့်မည်။






Sunday, July 8, 2012

Barbecue Sauce လုပ်နည်း

       ဒါကတော့ ကျွန်မရဲ့ကိုယ်ပိုင် ချက်နည်းအညွှန်း (recipe) ပါ။ ဘယ်သူ့ဘယ်သူဆီကမှလဲ သင်ထားခဲ့ရတာမဟုတ်ပါဘူး။ တီဗွီကလာတဲ့ ချက်နည်းပြုတ်နည်းအစီအစဉ် တွေ ကြည့်ရာများသွားတာကနေ ကိုယ့်ဘာသာကိုယ်လက်မှန်း တတ်သွားပြီး ကောင်းမယ်ထင်တာလေးတွေ လျှောက်ထည့်ရင်းနဲ့ တဲ့သွားတဲ့ recipe ပါ။ သူများတွေက ကောင်းတယ်ဆိုပြီးတော့တော့ ပြောကြတယ်။ ကိုယ်တိုင်လုပ်စားကြည့်ကြပါ။

လိုအပ်သည့်အမယ်များ

  1. ပဲငံပြာရည်အနောက် (အချို)
  2. Soy Sauce 
  3. ထန်းလျက် ၄လုံး
  4. ကြက်သွန်ဖြူ အမွှာသေးသေး -၅မွှာ၊ ၆မွှာ
  5. ဂျင်းပါးပါး ၂လွှာ၊၃လွှာ
  6. နှမ်း
  7. မြေပဲ (ထောင်းပြီး ထမင်း စားဇွန်း ၅ ဇွန်း၊ ၆ဇွန်းစာ)
  8. နှမ်းဆီ သိုမဟုတ် ပဲဆီ
  9. ခရမ်းချဉ်သီးတလုံး
ချက်နည်း
     
           နှမ်းဆီ သို့မဟုတ် ပဲဆီကို အသင့်စားခေါက်ဆွဲပြုတ်သည့်အရွယ် အိုးထဲတွင် ချက်ပါ။ ဆီချက်နေချိန်တွင်း ကြက်သွန်ဖြူကို ပါးပါးလှီးပါ။ ခရမ်းချဉ်သီးကိုလည်း နုပ်နုပ်စင်းထားပါ။ မြေပဲကိုလည်း ညက်နေသည်အထိထောင်းပါ။ ဆီကျက်လျှင် ဂျင်းနှင့်ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပိုမွှေးချင်ရင် နှမ်းပါထည့်ပြီးဆီသတ်လို့ရပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ ကျက်လောက်ပြီဆိုလျှင် ခရမ်းချဉ်သေးထည့်ပါ။ နည်းနည်းမွှေပေးပါ။ ပြီးလျှင် ထန်းလျက် ၄၊၅လုံးခန့်ကို ထုခြေပြီးထည့်ပါ။ ပြီးနောက် ပဲငံပြာရည်အနော် (အချို)ကို ထမင်းစားဇွန်းတဇွန်းနှင့်တ၀က်မျှထည့်ပါ။ Soy Sauce ကိုလည်း ပဲငံပြာရည် ပမာဏအတိုင်းထည့်ပါ။ ငံပြာရည် လက်ဖက်ရည်ဇွန်းတဇွန်းစာထည့်ပါ။ နောက်ဆုံးတွင် ထောင်းထားသောပဲကို ထမင်းစားဇွန်း ၅ဇွန်းစာမျှထည့်ပါ။ နှမ်းထပ်ထည့်ပါ။ ရေကို လက်ဖက်ရည် ကြွေပန်းကန် ၃လုံးစာမျှထည့်ပါ။ ခ၇မ်းချဉ်သီး စိညက်၊ အရည်ပျော်ပြီး ခရမ်းချဉ်သီးအရောင်မမြင်ရတော့ သည်အထိတည်ပါ။ 
          ကျွန်မ ချက်နည်း မှာတော့ မြေပဲ၊ထန်းလျက်၊ပဲငံပြာရည်က အဓိကဖြစ်ပါတယ်။ ကိုယ်လိုသည့် အချို၊အငန့်၊အစိမ့် အနေအထားအတိုင်း ပြောင်းလဲချက်နိုင်ပါတယ်။ ပုံမှန် ကျွန်မချက်စားတာကတော့ ချိုချို၊စိမ့်စိမ့်၊ အရသာလေးလေးဖြစ်ပါတယ်။ ဒီဆော့နဲ့အသားနှပ်ပြီးကင် သို့မဟုတ် ဆော့သုတ်ပြီးကင်ရင်လည်း အရမ်းစားလို့ကောင်းပါတယ်။ အသားစိမ်ပြီးကင်မယ်ဆိုရင် ဆော့ကို တ၀က်ခွဲထားလိုက်ပါ။ တ၀က်ကိုအသားစိမ်ဖို့အတွက်သုံးပြီ၊ နောက်တ၀က်ကို တို့စားဖို့အတွက်သုံးပါ။ 
          လူများလို့များများလုပ်စားချင်တယ်ဆိုရင်လည်း အညွှန်း၊ အချိုးအစားသိပ်စိတ်မပူပါနဲ့။ ဒီဆော့က ပစ်လေ၊ အရသာလေးလေကောင်းတဲ့အတွက်။ မြေပဲနိုင်နိုင်၊နှမ်းများများ၊ထန်းလျက်များများ၊ပဲငံပြာရည်သာထပ်ထည့်ပါ။ ကျွန်မက အညွှန်းအတိုင်းသိပ်ချက်လေ့ချက်ထမရှိတဲ့အအတွက် အချိုးအစား သိပ်အတိအကျ မတွက်တတ်ဘူး။ ကျွန်မကိုယ်တိုင်လည်း ပေါ့ရင်ဆားခတ်၊ လေးရင် ရေထည့်၊ တူးရင်ပြန်ချက်။ (နောက်တာ၊အဲလောက်ကြီးတော့မဟုတ်ဘူး)။ ကိုယ့်ပါးစပ်နဲ့ကိုယ် တိုင်းချက်လိုက်တာများတော့ ဘာထည့်ရမယ်သိရင် ဘယ်လောက်ထည့်ရမယ်ကို ဂရုမစိုက်ဖြစ်တော့ဘူး။ စာဖတ်သူနဲ့ လုပ်ထုံးလုပ်နည်းမတူရင် ခွင့်လွှတ်ပေးပါ။ 

Friday, July 6, 2012

ဇီဝလောကမှ ဖုတ်ဝင်ခြင်းအကြောင်းများ


           မနေ့ည အိပ်ခါနီးချိန် ၌ ဖေဖေက သူဆီပို့လာသော စာမူအကြောင်း ကျွန်မအား လှမ်းပြောသည်။ အကြောင်းအရာက ဖုတ်ဝင်တဲ့ မိန်းမကြီးတယောက်အကြောင်းဖြစ်ပါသည်။ ဖုတ်ဝင်သည့်အကြောင်းက ကျွန်မအနေနဲ့ နားထောင်ရသည်မှာရိုး ၍ နေပါပြီ။ သို့သော်လည်း စာမူပို့သူက ဖေဖေနှင့် ရင်းနှီးသူဖြစ်သည်ကတကြောင်း၊ သူတကယ့်အတွေ့ကြုံဖြစ်သည်က တကြောင်းကြောင့် စိတ်ဝင်တစားနားထောင်ဖြစ်ခဲ့သည်။ ဖုတ်ဝင်သောသူမှာ စာမူပို့သူ၏ အဒေါ်ဆိုသူဖြစ်သည်။ သူကို့သေပြီဟု ထင်ကြသော်လည်း အသက်များပြန်ရှု၊ အစားများ ပြန်စားသဖြင့် မသေသေးဟုထင်ကာ သူစားချင်သမျှ ကျွေးကြသည်။ ရက်အနည်းငယ်ကြာလာသောအခါ သူ့အပြုအမူများပုံမှန်မဟုတ်သည်ကို သတိထားမိလာသည်။ မနက်၊နေ့လည်ဆိုလျှင် တနေကုန် ဘယ်သူမှနှင့် စကားမပြောဘဲ အိပ်ရာထဲတွင်သာလှဲနေသည်။ ညနေစောင်းပြီးဆိုတာနှင့် အသားများ တောင်း ၍ စားသည်။ သားဖြစ်သူမှာလည်း သူ့အမေ ဖုတ်ဝင်သည်ကို ရိပ်စားမိ ၍ အောက်လမ်းဆရာနှင့် ခေါ်ပြသည်။ အောက်လမ်းဆရာကလည်း ဖုတ်ဝင်နေတာ အမှန်ဖြစ်သည်ဟု အတိပြုပြီး ဖုတ်ထွက်ရန်စီ၇င်သော်လည်း အဘွားကြီးမှာ ထသောင်းကျန်းသဖြင့် အောက်လမ်းဆရာလည်းမတတ်နိုင်သည့်အဆုံးထွက်ပြေးရသည်။ သည်လိုနှင့် မတတ်နိုင်သည့်အဆုံး အဘွားကြီးတောင်းသမျှ ကျွေးနေကြရသည်။ နောက်ဆုံး မိတ်ဆွေတယောက် မိတ်ဆက်ပေးမှုနှင့် ဟန္ဒူ ဆရာတယောက်နှင့် ဆက်မိသွားပြီး ထိုဆရာဆီသို့ သားဖြစ်သူကသွားရောက်အကူအညီတောင်းသည်။ ဆရာကလည်း အာရုံခံကြည့် ၍ ဒီမိန်းမကြီးကို ငါ့ဆီခေါ်မလာခင် အရင် သူအိပ်တဲ့ ကုတင်တိုင်လေးတိုင်မှာ သံလေးချောင်းသွားရိုက်ထားဟု မှာလိုက်သည်။ သို့နှင့် သားဖြစ်သူလည်း ပြန်လာပြီး ကုတင်တိုင်လေးတိုင်တွင် သံရိုက်ရန်ပြုလုပ်သည်။ ထိုတွင် မိန်မကြီးမှာ စူးစူးဝါးဝါးနှင့် နင်က နင်မိဘကို နင်ပြန်သတ်ချင်တာလား၊ ငါ နင့်အမေဟဲ့ အော်ဟစ် ဆဲဆိုသည်။ သားလုပ်သူမှာလည်း ဂရုမစိုက်ဘဲ လုပ်စရာရှိသည့်အလုပ်ဆက်လုပ်ကာ တိုင်လေးတိုင်တွင် သံလေးချောင်းရိုက် ၍ အပြီးတွင် အဘွားကြီးမှာ နေရာတွင်လဲ ၍ အသက်မရှိတော့သည်ကို တွေ့ရသည်။ 



 


ဇီဝဗေဒပညာသင်ယူနေသူ ကျွန်မတယောက်၊ ဖေဖေ့ဇာတ်လမ်းအဆုံး ၌ ကျောင်းတွင် လေ့လာခဲ့ဖူးသည့် ဇီဝလောကမှ ဖုတ်ဝင်တိရိစ္ဆာန်များအကြောင်း ခေါင်းထဲတွင် ဆက်စပ်၍ ပေါ်လာသည်။ တိရိစ္ဆာန်ဟုဆိုသော်လည်း အင်းဆက် ပိုးမွှားများ ၌ ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ် မြို့တမြို့မှ ပုရွက်ဆိတ်လေးများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ထူးခြားသည့် အပြုအမူကို သိပ္ပံပညာရှင်များတွေ့ရှိခဲ့သည်။ အဖြစ်အပျက်မှာ ပုရွက်ဆိတ်လေးများသည် နွားများ၊သိုးများ ကျက်စားသည့် နေရာတွင် မြက်ပင်ထိပ်၊ ပန်းပွင့်ထိပ်ပိုင်းသို့တက်လာပြီး မလှုပ်မယှက် နွားများ၊သိုးများ အစားခံရန် စောင့်နေကြခြင်းဖြစ်သည်။ နို့တိုက်သတ္တ၀ါများကဲသို့ အဆင့်မြင့်သော တိရိစ္ဆာန်မဟုတ်သော်လည်း သဘာဝအရပေးထားသောအသိအရ သူတို့လည်း အန္တရာယ်လာလျှင် ရှောင်ရှားတတ်ပါသည်။ သို့သော် ထို ပုရွက်ဆိတ်များသည် နွားများ လာသည်ကို သိနေလျှက်နေပင် ပေ ၍ မလှုပ်မယှက် နေရာမှ မရွှေ့ခြင်းကြောင့် ၄င်းအပြုအမူသည် သာမန်မဟုတ်သည့် မိမိကိုယ်ကိုယ်အဆုံးစီရင်သည့် ကိစ္စဖြစ်သည်ဟု ဇီဝဗေဒပညာရှင်များက သုံးသတ်သည်။ နောက်ယောင်ခံလေ့လာမှုပြုလိုက်သောအခါ ထိုပုရွက်ဆိတ်များ၏ စိတ်သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားများ၏ ၀င်စီးခြင်းကို ခံနေရပြီး ထိုပိုးမွှားများ စေခိုင်းသည့် အတိုင်းလိုက်လံပြုမူခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အား သိပ္ပံပညာရှင်များက Parasitic Mind Control သို့မဟုတ် ကပ်ပါးကောင်များ စိတ်ကို ထိန်းချုပ်ခြင်း ဟု သမုတ် ၍ ထိုအစီးခံထားရသော ပုရွက်ဆိတ်များကိုလည်း Zombie Ants သို့မဟုတ် သေရာမှထလာသော ပုရွက်ဆိတ်များဟုခေါ်ကြသည်။
ထိုအဖြစ်အပျက်များ၏ အစမှာ အကောင်သာငယ်သောလည်း ရည်မှန်းချက်ကြီးလှသည့် ကပ်ပါးကောင်၊ Liver Fluke များကြောင့်ဖြစ်သည်။ ထိုကပ်ပါးကောင်များသည် သာမန်မျက်စိဖြင့်မမြင်နိုင် နာနာဘ၀လိုမျိုးလှည့်လည်သွားလာနေကြသည်။ အထူးသဖြင့် ပက်ကျိ၊ ခရုများ၏ ချွဲကျိကျိအရည်များထဲတွင် သူတို့၏ ဥများပါဝင်နေတယ်။ ပက်ကျိများက ပန်းခင်းများအတွင်း တရွတ်တိုတ် လှည့်လည်သွားလာရင် သူတို့၏ အရည်များက သွားရာလမ်းတလျောက် ကပ် ၍ ကျန်ရစ်ခဲ့သည်။ ထိုအနီးအနားပတ်ဝန်းကျင်တွင် ပုရွက်ဆိတ်လေးများက အုပ်စုဖွဲ့ အစာရှာထွက်နေကြသည်။ ထိုပက်ကျိ၏ အချွဲအညှိများသည် ပုရွက်ဆိတ်များ အာဟာရဖြစ်စေနိုင်သည့် ဓာတ်များပါဝင်သဖြင့် ပုရွက်စိတ်များက နှစ်ခြိုက်စွာ စားသုံးကြသည်။ ထိုသို့ ပုရွက်ဆိတ်များစားသုံးပြီး ပုရွက်ဆိတ်ကိုယ်အတွင်းရောက်သည်နှင့် ကပ်ပါးကောင်များက သူတို့၏ အစီအစဉ်အားစတော့သည်။ ဦးခေါင်းပိုင်းသို့ရောက်အောင်တက်သွားပြီး ဦးနှောက်နှင့် အာရုံကြောမကြီးအား အမိအရထိန်းချုပ်သည်။ ဦးနှောက်အား ထိန်းချုပ်ပြီးသည်နှင့် driver seat ၌ ၀င်ထိုင်လိုက်သော ကားဆရာကဲ့သို့ ပုရွက်ဆိတ်၏အပြုအမူများအား ထိန်းချုပ်တော့သည်။ သို့သော် သူတို့၏ နောက်ဆုံးသွားချင်သည့် နေရာက ပုရွက်ဆိတ်များအတွင်းသို့ မဟုတ်သေးချေ။ သူတို့က နေသေးသပ ချုံထဲက ဆိုသည့်အတိုင်း ပန်းခြံများအတွင်းလျှောက်သွားနေသာ ပက်ကျိများနှင့် ပုရွက်ဆိတ်များအား အတွင်းနေထိုင် အသုံးချပြီး  နောက်ဆုံး နွားများ သိုးများ၏ အသည်းထဲသို့ဝင်ကာ အစားကောင်းအသောက်ကောင်းစား ၍ ကြီးထွားကြီးပွားရန် ကြံစည်ထားသည်။
          ထို ၀င်စီးခံထားရသော ပုရွက်ဆိတ်များသည် အစီးခံရသည့်အချိန်မှ စ ၍ ယခင်လို မိမိပုရွက်အုပ်အတွက်အလုပ်မလုပ်ကြတော့၊ ကပ်ပါးကောင်းများ၏ အမိန့်ကိုသာ နာခံပြီး တကောင်တည်း သီးသန့်နေလာကြသည်။ ကပ်ပါးကောင်များက မီးခလုတ်များ ဖွင့်၊ပိတ်သလို ပုရွက်ဆိတ်များ၏ ပုံမှန်စိတ်ကို အဖွင့်အပိတ်လုပ်ပေး ၍ ထိန်းချုပ်သည်။ သူတို့ ထိန်းချုပ်နေသသော ပုရွက်ဆိတ် အာဟာရမပြတ်လတ်စေရန် သာမန်အချိန် ၌ ပုရွက်ဆိတ်များ၏ ပုံမှန် ဦးနှောက်အား ဖွင့်ထားပေးသည်။ ထိုအခါ ပုရွက်ဆိတ်များသည် ပုံမှန်အတိုင်း သူတို့ခန္ဓာကိုယ်အတွက် လိုအပ်သည့် အစားအသောက်အား ရှာဖွေစားသောက်သည်။ ထိုအစီးခံထားရသော ပုရွက်ဆိတ်များ ထဖောက်လာသည့် အချိန်မှာ နွားများ၊သိုးများ သူတို့အနီးအနားသို့လာ၍ ပန်းပင်များ၊ မြက်များအား လာရောက်စားသောက်ချိန်ဖြစ်သည်။ နွားများမပြောနှင့်၊ ပုရွက်ဆိတ်အုံအား တုတ်နှင့် လှမ်းထိုးကြည့်လျှင်ပင် ၇ှဲကနဲ ထွက်ပြေးကြသည်မဟုတ်ပါလား။ သာမန် ပုရွက်ဆိတ်ဆိုလျှင် နွားလာသည်နှင့် အရပ်လိုဆိုလျှင် "ဟဲ့ သောက်ပလုတ်တုတ်၊ နွားကြီးလာပြီ၊ ပြေးဟေ့ပြေး" ဆိုပြီး အလန့်တကြားပြေးမည်၊ တွင်းထဲသို့ ဆင်းပြေးမည်၊ ချုံပုတ်ကြားသို့ထွက်ပြေးမည်။ အစီးခံထားရသော ပုရွက်ဆိတ်များက ထိုသို့မဟုတ်။   ကြောင်တောင်တောင်နှင့် မြက်ပင်များ၊ ပန်းပွင့်ထိပ်များသို့ တက်သွားသည်။ ပွင့်ဖတ်များ၊မြက်အဖျားများကို ပါးစပ်က ကိုက် ၍ မီးဆိုင်းလေးများကဲ့သို့ မြက်ပင်ဖျား၊ ပန်းပွင့်ဖျား တွင် မလှုပ်မယှက်တွဲလောင်းခိုနေလိုက်သည်။ နွားများက ပန်းများ၊ မြက်များကို စားသောအခါ ထိုအစီးခံထားရသော ပုရွက်ဆိတ်များ ပန်းများ၊မြက်များနှင့်အတူ နွားပါးစပ်တွင်းသို့ ပါသွားကာ အစားခံလိုက်ရလေသည်။ နွားကိုယ်တွင်းသို့ရောက်သည်နှင့် ထို ကပ်ပါးကောင် များက Liver Fluke ဟုဆိုသည့်အတိုင်း နွား၏ အသည်းရှိသည့်နေရာသို့သွားသည်၊ နွား၏ သည်းချေ အိတ်အတွင်းမှ သည်းချေရည်များကို စားသုံး ၍ သံကောင်အဖြစ်ကြီးထွားလာသည်။ နွားသည်လည်း တဖြည်းဖြည်း အင်းအားချိလာသည်။ သို့သော် နွားသည် သေတော့ မသေချေ။ နွားမစင်စွန့်သောအခါ နွားမစင်များနှင့်အတူ ထိုကပ်ပါးကောင်များ၏ ဥများပြန် ၍ ပါသွားသည်။ ထိုနွား၏ စွန့်ပစ်အညစ်အကြေးများအား လှည့်လည်သွားလာနေသော ပက်ကျိများကတွေ့သော် မြိန်ရည်ယှက်ရည်စားသုံးသည်။ ဤသို့နှင့် သံသရာလည်ချေသည်။
Parasitism ဆိုသည်မှာ ကပ်ပါးကောင်များမှ အခြားလက်ခံ သတ္တ၀ါတကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ၀င် ၍ ထို မိမိနေထိုင်စားသောက်ဖို့အတွက် သတ္တ၀ါအကျိုးစီးပွားပျက်ရာ ပျက်ဆီးကြောင်းပြုလုပ်ကာ ကပ် ၍နေထိုင်ခြင်းကိုဆိုလိုသည်။ ကျွန်မတို့ ခန္ဓာကိုယ်တွင်းတွင်လည်း ကပ်ပါးကောင်များ ရှိပါသည်။ သံကောင်များသည် ကပ်ပါးကောင်အမျိုးစားထဲတွင်ပါဝင်သည်။ သို့သော် သူတို့က လူ့ဗိုက်တွင်းမှ စားကြွင်းစားကျန်များကို စား ၍လူ၏ အသက်အန္တရာယ်ပေးနိုင်ချေနည်းပါးသည်။ ထို Parasitic Mind Control လုပ်ခြင်းသည် သတ္တ၀ါတကောင်အား အပြီးအပိုင်ထိန်းချုပ်လိုက်သဖြင့် အစွန်းရောက် Parasitism ကပ်ပါးနေခြင်းတမျိုးဖြစ်သည်။  ထိုဖြစ်စဉ်သည် ကြောက်စရာ၊ အသည်းယားစရာကောင်းလှသဖြင့် အလိုက်ဖက်ဆုံး ဖုတ်ဝင်သည်သုံးနှုန်းလိုက်ပါသည်။
ထို စိတ်ထိန်းချုပ်သည့် ကပ်ပါးကောင်များထဲတွင် နာမည်ကြီး ကပ်ပါကောင်တမျိုးရှိပါသေးသည်။ သူကတော့ မြန်မာအခေါ်အရ နဂျီ ကောင်၊ အင်္ဂလိပ်လိုဆိုလျှင် wasp ဖြစ်ပါသည်။ နဂျီကောင်တိုင်းတော့ မဟုတ်ပါ၊ အချို့  နဂျီမျိုးစိတ်များသာလျှင် စိတ်ထိန်းချုပ်ခြင်းကို တတ်နိုင်ကြသည်။ သူတို့၏ လက်ခံကောင်များကတော့ လိပ်ပြာများဖြစ်လာမည့် ပိုးတုံးလုံးများဖြစ်သည်။ နဂျီကောင်သည် ပိုးတုံးလုံးကောင်၏ ကိုယ်တွင်းသို့ သူ၏ ဥများ ထိုးသွင်းလိုက်သည်။ ဥများမှ အကေင်များပေါက်လာပြီး ပိုးလောက်လန်းကဲ့သို့ အကောင်လေးများဖြစ်လာသည်။ ထိုအကောင်များသည် ပိုးတုံးလုံးတွင်းမှ  သွေးနှင့်တူသော ကိုယ်တွင်းအရည်များကို စားသုံးပြီး ကြီးထွားလာကြသည်။ ပိုးတုံးလုံး၏ ခန္ဓာကိုယ် အရေပြားသည်မာသဖြင့် သူတို့ ကြီးထွားနေချိန်အတွင်း အကာအကွယ်တခုဖြစ် ၍ နေသည်။ သို့နှင့် သူတို့ ထွက်ချိန်တန်သောအခါ သူတို့၏ အစွယ်ပါသော သွားများဖြင့် ကိုက်ဖဲ့ ၍ ပိုးတုံးလုံးကိုယ်တွင်းမှ ထွက်လာကြသည်။ ထိုသို့ ထွက်လာချိန်အတွင်း အဆင်ပြေစေရန် ဓာတုဗေဒပစ္စည်းတမျိုး ခန္ဓာကိုယ်မှထုတ်လွှတ် ၍ ပိုးတိုးလုံးအား အကြောသေကာ ငြိမ်နေစေရန်ပြုလုပ်ထားလိုက်သည်။ စိတ်ရှိလက်ရှိ အကောင် ၃၀၊ ၄၀ ဖောက်ထွက်ပြီး အားလုံးလွတ်လာသောအခါ သူတို့ကိုယ်သူတို့ ကာကွယ်ရန်ပိုးမျှင်အိမ်များ စတင်တည်ဆောက်သည်။ ထိုပိုးမျှင်အိမ်များအတွင်းနေထိုင် ကြီးထွားပြီးလျှင် သူတို့သည် နဂျီကောင်များအဖြစ်သို့ရောက်ရှိပြီဖြစ်သည်။ ဤတွင် ပိုးတုံးလုံးသည် ထူဆန်းသည့်အပြုအမူများ စတင်ပြုလုပ်ချေပြီ။ သုသေသနပညာရှင်များက ပိုးကောင်များထွက်ပြီးချိန်တွင် နဂျီကောင်ထိုးထည့်သွားသော ဗိုင်းရပ်များ သည် ပိုးတုံးလုံး၏ ခေါင်းအတွင်းသို့ရောက်ကာ ၀င်စီးခံလိုက်ရပြီဟု မှတ်ချက်ပြုသည်။ ထိုအချိန်တွင် အတွင်းမှ ပိုးကောင်များဖောက်ထွက်ထား ၍ အနာဗလပွနှင့်ဖြစ်နေသာ ပိုးတုံးလုံးသည် ဖုတ်ဝင်သည့်နှယ် သူနှင့် သွေးမတော် သားမစပ်၊ အခြား တိရိစ္ဆာန်များနေရန်အတွက် ကူ ၍ ပိုးမျှင်နှင့် အိမ်စဆောက်ပေးသည်။ အတွင်းမှ အကောင်များ လုံလုံခြုံခြုံရှိစေ၇န် ပိုးမျှင်များဖြင့် အထပ်ထပ်ကာရန်ပေးသည်။ ကြောက်စရာကောင်းသည့် အပြုအမူသည် ထိုမျှဖြင့် မရပ်သေးချေ။ ပိုးတုံးလုံးသည် စိတ်ပို ၍ ဆတ်လာပြီး ရန်လိုလာသည်။ ထိုနဂျီကောင် ပိုးလောင်းများရှိသော ထိုပိုးအိမ်ပေါ်တွင် နေ ၍ လာသမျှ အကောင်များအား မောင်းထုတ်ချေသည်။ ထိုထက်ဆိုးသည်မှာ ပိုးတုံးလုံးသည် သူ့အတွက်သူ အစာရှာခြင်းအား လုံးဝရပ်တန့်လိုက်ပြီး ထိုပိုးအိမ်အနီး ၌ နေရင်း နဂျီကောင်သားလောင်းများအား ကာကွယ်ပြီး အစာအငတ်ခံကာ သေဆုံးလေသည်။ 
             နောက်ဆုံးအနေဖြင့် Cordyceps ခေါ် ကပ်ပါးမှို (Parasitic Fungi) အကြောင်းဖြစ်သည်။ ဤမှိုများသည် သူတို့၏ မျိုးပွားဝတ်မှုန်များကို လေဖြင့် သယ်ဆောင်ဖြန့်ခြင်းဖြင့် ပြန့်ပွားသည်။ ထိုဝတ်မှုန်များအား တောအုပ်အတွင်း ၌ သွားလာစားသောက်နေသော Carpenter Ant ခေါ် ပုရွက်ဆိတ်များက တွေ ၍ အမှတ်မထင်စားမိသည်။ စားမိသည်နှင့် ထိုပုရွက်ဆိတ်သည် ယိုင်ထိုးယိုင်ထိုးဖြစ်လာသည်။ မှို၏ ၀တ်မှုန်များသည် ပုရွက်စိတ်၏ ဦးနှောက်အား ၀င်စီးလိုက်ချေပြီ။ အစီခံရသော ပုရွက်ဆိတ်သည် မြေကြီးပေါ်မှတဆင့် အပင်၊ အကိုင်းအခတ်အဖျားသို့ တက်သွားသည်။ ကျွန်မအထင်အရ မှိုမှပါဝင်သော ပိုးမွှားများက ၀တ်မှုန်ပြန့်ပွားရန် လေလာရာ အထက်ဖက်ဆီသို့ ပုရွက်ဆိတ်များအား ခေါ်ဆောင်သွားဟန် တူပါသည်။ ထိုနောက် အကိုင်းတကိုင်းအား သူ၏ ဦးချို၊ လက်များ၊ ခြေထောက်များဖြင့် ခိုင်ခိုင်မြဲမြဲဆုပ်ကိုင် တွယ် ၍ နေလိုက်သည်။ ထို အစီးခံရသော ပုရွက်ဆိတ်များအား အခြား လုပ်သား ပုရွက်ဆိတ်များ တွေ့လျှင် အရပ်လိုဆိုပါက " ဒီကောင်တော့ မဟန်တော့ဘူး ရွာပြင်ထုတ်မှ"ဟူသည့် ဟန်ဖြင့် သူတို့ ပုရွက်အုံနှင့် ဝေးရာတနေရာ ၌ သွားေ၇ာက် လွှင့်ပစ်သည်။ အခြားပုရွက်ဆိတ်များ စိုးရိမ်လည်း စိုးရိမ်ရလောက်သည်။ ၃ပတ်ခန့်ကြာသောအခါ ထိုအစီးခံရသော ပုရွက်ဆိတ်ခေါင်းမှ ပဲပင်ပေါက်သ ဏ္ဍာန် မှိုပွင့်များထွက်လာသည်။ မှိုပွင့်များသည် ပုရွက်ဆိတ်၏ ခန္ဓာကိုယ်တွင်းမှ အသားများအား စားသုံးကြီးထွားလာကြခြင်းဖြစ်သည်။ ထိုသို့ထွက်လာပြီးလျှင် ထိုမှိုများသည် ၀တ်မှုန်များ ထုတ်လွှတ်ကာ သူ့အား လက်ခံမည့် ပုရွက်ဆိတိအား ရှာဖွေပေဦးမည်။
ကျွန်မ ဤအကြောင်းအ၇ာများကို စစလေ့လာရခြင်း သြော်.. ရက်စက်လှချည်လား၊ လုပ်ရက်လှချည်လား လောကကြီးရယ်ဟု စိတိ်ထဲဝင်မိသည်။ ဇီဝဗေဒသဘောတရာများဖြင့် ပြန်တွေးကြည့်လျှင် သတ္တုဝါတိုင်းသည် မိမိတို့ရှင်သန်၊မျိုးပွား ၍ မိမိတို့မျိုးဆက်များ ကျန်ရစ်နေစေရန် သူ့နည်းသှူုဟန်ဖြင့် ကြိုးစားနေသည်ချည်းဖြစ်သည်။ လူသားများသည် မျိုးဆက်ကျန်ရစ်ရန် လိင်ဆက်ဆံ ၍ ကလေးမွေးသည်။ ကလေးများကလည်း သူတို့ ရှင်သန်ကြီးထွားရန် မိခင် ၀မ်းတွင်း ၉လနေကြသည်၊ အပြင်ရောက်သောအခါ မိဘ၏ အုပ်ထိန်းမှုစောင့်ရှောက်မှုအောက်တွင် နေထိုင်ကြီးပြင်းသည်။ ဥသြငှက်များက မိမိ၏ ကလေးအား တခြားငှက်မိခင်ဖြင့် ပစ်ထားလိုက်သည်။ တခြားငှက်မိခင်ကလည်း သူ့ကလေး၊သူ့မျိုးဆက်အမှတ်နှင့်ပြုစုစောင့်ရှောက်သည်။ ဥသြငှက်အကောင်ပေါက်လာသောအခါ လက်ခံထားသောမိခင်၏ ကလေးများကို အသိုက်မှတွန်းချ ၍ သူလိုအပ်သောအစာအား တောင်းရမ်းစားကာ ရှင်သန်ကြီးထွားသည်။ စိတ်ကို ထိန်းချုပ်သည့် ကပ်ပါးနေခြင်းသည်လည်း အလားတူ သဘာဝ၏ လုပ်နည်းလုပ်ဟန်တခုတွင်းမှ တခုသာဖြစ်သည်။ ပုံစံမတူသောလည်း ရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်ချေသည်။ ရှင်သန်၊ကြီးထွား၊ မျိုးပွားရန်သာတည်း။ 


ဝဲမှယာ >> ၀င်စီးခံထားရသော ပုရွက်ဆိတ်များ ပွှုင့်ဖတ်များပေါ်တွင် တွဲလောင်းခိုနေပုံ၊ 
                    ပိုးတုံးလုံးကိုယ်အတွင်းမှ နဂျီကောင် သားလောင်များ ဖောက်ထွက်လာကြပုံ၊
                    ပိုးတုံးလုံးသည် နဂျီကောင် သားလောင်းများအတွက် အိမ်ဆောက်ပေးပြီး  ကာကွယ်စောင့်ရှောက်နေပုံ၊
                    ပုရွက်ဆိတ်ဦးခေါင်းမှ မှိုဖောက်ထွက်လာပုံ။ 




Monday, June 25, 2012

ရေဘဲကြော်နှင့်မသိမူ






အင်းလေးသို့ လျှောက်လည်ရင် အလိုတော်ပေါက်ဘုရားသို့ ရောက်ခဲ့သည်။ အင်းလေးသို့ ကျွန်မ တစ်ခေါက်မှ မရောက်ဘူးချေ။အင်းလေးရောက်လျှင် အနှံ့လျှောက်လည်ပြီး
ဒေသအစားအစာတွေ အစုံ စားမည်ဟု မရောက်ခင်ကတည်းက ကျွန်မက ကျုံးဝါးထားသည်။ နေ့လည်စာစားချိန် ဖြစ်သဖြင့် ဘုရား အနောက်ဘက်ရှိ ဈေးတန်းထဲမှ ဆိုင်တစ်ဆိုင်တွင် နေ့လည်စာစားရန် ၀င်ထိုင်လိုက်သည်။ကျွန်မနှင့် အတူ ပါလာသော ကိုစိုးနိုင်က သန့်စင်ခန်းသို့ ထွက်သွားရာ ကျွန်မနှင့် ဆိုင်ရှင်ရှမ်းမကြီးသာ ကျန်ရစ် ခဲ့လေသည်။ ဆိုင်ရှင်အဒေါ်ကြီးက
ကျွန်မအား ရောက်တုန်းရောက်ခိုက် ဒေသခံစာ စားသွားဟုဆိုကာ မီနူးချပေးလေသည်။ အစားအသောက် မီနူးစာရင်းကို ဖတ်ရင်း မျက်စိကျသွားသည်က ငါးဒုက္ခနှင့် ရေဘဲကြော်။ ဆိုင်ရှင် အဒေါ်ကြီးက ညီမ လေး အင်းစာ အနေနဲ့တော့ ငါးဒုက္ခနဲ့ ရေဘဲကြော် ရတယ်။ ငါးဒုက္ခလေး စားကြည့်ပါ။ ဒီ ဒေသမှာပဲရတာ။ ငါးသေးသေးလေးတွေကို ရှမ်းငါးပိနဲ့ ကြော် ထားတာဟု ဆိုသည်။ ကျွန်မက ငါးဆိုလျှင် ငါးသလဲထိုး မှလွဲ၍ ငါး အသေးလေးတွေ မကြိုက် ယုံသာမက ကြော်ထားလျှင်ပိုလို့ပင် မကြိုက်သဖြင့် ငါးဒုက္ခ အပေါ် စိတ်ဝင်စားမှု လျော့နည်း သွားသည်။ သို့နှင့် ကျွန်မက ရေဘဲကြော်ကကောဟု မေးသော အခါ အဒေါ်ကြီးက ညီမလေး၊ ငါးဒုက္ခလေး စားကြည့်ပါ၊အင်း ထဲမှာမှ စားရတာ။ ရေဘဲကြော် ကတော့ ချိုချဉ်ဆော့နဲ့ လုံးကြော် ထားတာ။ ရေဘဲကြော်က ကျွန်မ အကြိုက်ကြော်ထားသည်ဖြစ်၍ ကျွန်မ ရေဘဲကြော်ကို မဲအပြည့် ပေးကာ ရေဘဲကြော်တစ်ပွဲနှင့် ရှမ်းထမင်းချဉ် တစ်ပွဲ မှာလိုက် သည်။ ကိုစိုးနိုင်ကမူ ပြန်ရောက် လာသောအခါ ရှမ်းထမင်းသုတ် တစ်ပွဲမှာလိုက်သည်။
          ၁၅မိနစ်ခန့်ကြာ သောအခါ ပူပူနွေးနွေး နီနီရဲရဲ ရေဘဲကြော် နှင့် ရှမ်းထမင်း ချဉ်ရောက်လာ သည်။ ရေဘဲကြော်သည် အသား တုံးလေးများ သေးသေးတုံး၍ ချိုချဉ်ဆော့နှင့် လုံး၍ ကြော်ထား ခြင်းဖြစ်သည်။ အသားမှာကြက် သားထက်နူးညံ့၍ ထင်ထားသည် ထက် ပိုလို့ ကောင်းမွန်သည်။ စားကောင်းသဖြင့် ရှမ်းထမင်း သုတ် တစ်မျိုးတည်း မှာထား သော ကိုစိုးနိုင်အား
''ကိုစိုးနိုင်၊ စားပါဦး၊ ရေဘဲ ကြော်က စားကောင်းတယ်။'' ကိုစိုးနိုင်က အင်းမလှုပ် အဲ မလှုပ်နှင့် အတုံးသေးလေးတစ်တုံး ယူစားသည်။ ရှမ်းထမင်းချဉ်နှင့် ရေဘဲကြော်ကလည်း အတော်ပင် လိုက်ဖက်ပြီး ဂျူးမြစ် ဖြူဖြူ ဖွေးဖွေး လက်လက် ဆက်ဆက်၊ ရှမ်းချဉ် နှင့် ငရုတ်သီးထောင်းတို့
ပေါင်းလိုက်သောအခါ နေ့လည် စာက အတော်ပင် မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်သွားချေသည်။
          ဈေး သက်သက်သာသာနှင့် ဗိုက် ဖောင်းအောင် စားလိုက်ရသဖြင့် ကျွန်မ အတော်ပင် ကျေနပ်သွား ခဲ့သည်။ ကျွန်မ ပီတိက ညနေအထိ မပျောက်သေး၊ ရှမ်းစာ စစ်စစ်ကို ရှမ်းပြည်နယ်ရှိ ရှမ်းစစ်စစ် ရောင်း သည့် ဆိုင်တွင် စားလိုက်ရခြင်း၊ တခြား ဒေသတွင် မတွေ့ဘူး သည့် ရေဘဲအား စားဖူး လိုက်ခြင်း စသည့် အတွေးက ခေါင်းထဲမှမထွက်သေး ချေ။ သို့နှင့် ကျွန်မ အမကြီးကဲ့သို့ နေသူ အစ်မ မစောမွန်သိမ့်အား အားရပါးရ ဖောက်သည်ပြန်ချ သည်။
''အစ်မရေ၊ ညီမ နေ့လည်က ရေဘဲကြော်နဲ့ ရှမ်းထမင်း စားခဲ့ တယ်သိလား''
ဤတွင် သူက မျက်မှောင်ကြီး ကျုံ့၍
''နင့်ကို ကိုစိုးနိုင်က ရေဘဲ ကြော် ၀ယ်ြွေကးတာလား။ ကိုစိုးနိုင်က ငါနဲ့သွားတော့ တစ်ခါ မှ မစားဘူး၊ နင်နဲ့ကျတော့ စားတယ်ပေါ့ç
တခုခုတော့ဖြစ်ချေပြီ။ သို့နှင့် သေချာပြန်စဉ်းစားပြီး...
''အဲလိုတော့ မဟုတ်ဘူး။ ညီမမှာထားပြီးမှ သူရောက်လာ တာ၊ ညီမမှာတာ သူမသိလိုက် ဘူး။''
''အေး အဲလိုဖြစ်ပါလိမ့်မယ်။ ငါတို့သွားရင်တော့ တခါမှ မစား ဘူး။
ရေဘဲကြော်က အင်းလေး က ရေပျော်ငှက်များ ဆိုပြီး ဘေးမဲပေး ထိန်းသိမ်းထားတဲ့ တောရိုင်း ငှက်တွေကို ငှက်မုဆိုး တွေက ခိုးထောင်ဖမ်းပြီး ရောင်းနေ တာဟဲ့။ ရောင်းတာ တွေ့ရင် ဖမ်းမယ်ဆိုပြီးတောင် အမိန့်ထုတ် ထားတာ၊ ပညာပေးတာ၊ အရေးယူတာတွေတောင် လုပ်နေ တယ်''
          ဘေးမဲ့ပေးထားသည့် ရေပျော်ငှက်များဆိုသည်မှာ ဆိုက်ဘေးရေးယားဒေသဘက်မှ
ဆောင်းခိုရန်လာသည့် ဧည့်သည်ငှက်များဖြစ်ချေသည်။ ထိုငှက်များ အင်းလေးကန်ဒေသသို့ လာရောက်ချိန်တွင်ကျက်စားတတ်သည့် နေရာများအား ဘေးမဲ့တောပြုလုပ် ၍ ပစ်ခတ်ဖမ်းယူခြင်း မခံရစေရန် ကာကွယ်စောင့်ရှောက်ပေးထားခြင်းဖြစ်သည်။ ထိုသို့စောင့်ရှောက်နေသည့်ကြားကပင် ငှက်မုဆိုးများက ရေကြက် (Common Moorhen or Gallinula chloropus)၊ ရေကြက်ရင်ဖြူ (White breasted water-bird or Amaurornis phoenicurus) ၊ မယ်ညို (Purple Swamp Hen or Porphyrio porphyrio)၊ ရေငုံး (Water Rail or Rallus aquaticus)၊ ငှက်နီမ (Ruddy-breasted Crake or Porzanafusca)၊ ရေကြက်မြီးခဲ ( Black-tailed Crake or Porzana bicolor) နှင့် ရေကြက်ညို (Brown Crake Porzanaakool) တို့အား ထောင်ဖမ်းကာ စားသောက်ဆိုင်များသို့ ရောင်းချလျက်ရှိသည်။ ကျွန်မစားခဲ့မိသည့် ရေဘဲသည် လည်း ဘေးမဲ့ငှက်တစ်မျိုး
အပါ အ၀င်ဖြစ်သည်။
          ငှက်များဘေးမဲ့တောထဲမှ ရေ ပျော်ငှက်များဟူသော စကားလုံးက ကျွန်မငယ်ထိပ်ကို သံတုတ် နှင့် ရိုက်လိုက် သလို ခံစားလိုက်ရ သည်။ ဒါမျိုးက တာဝန်ကြီး သည်။ ပြန်တွေးကြည့်မှ ဆိုင်ရှင် အဒေါ်ကြီးက ကျွန်မရေဘဲကြော် စားမည်ကို ကိုစိုးနိုင်နှင့်ပါလာသူ မို့ အင်းမလုပ်ပဲ ငါးဒုက္ခကို
အဆိုပြုပေးနေခဲ့သည်။ ကိုစိုးနိုင် ကလည်း သစ်တောမှ ၀န်ထမ်း တစ်ဦး၊ ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး သမားတစ်ဦး ဆိုလျှင် မမှား။ နေ့စဉ်အင်းထဲ၌ လှည့်လည်၍ သစ်တော ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစိတ်များထိန်းသိမ်းရေးနှင့် စိုက်ပျိုး နည်းစနစ်များ အကြောင်းကို ပညာပေးဟောပြော နေသူဖြစ်သည်။ ကျွန်မအစ်မဖြစ်သူမှာလည်း အင်းလေးကန် ဒေသဖွင့်ဖြိုးရေး အတွက် လုပ်နေသူ တစ်ဦးဖြစ် သည်။ သို့ဖြစ်ရာ တာဝန်သိစိတ်ဖြင့် ဘေးမဲ့တော တိရိစ္ဆာန်များ ဟင်းအဖြစ်စားသုံးခြင်းကို ရှောင်ကျဉ်နေခြင်းဖြစ်သည်။
          ကျွန်မအနေဖြင့် စစကြားချင်း မစားကောင်း သောအသားကို စားမိပြီဟူသည့် အတွေးဝင်လာ သည်။ အကယ်၍ ဤရေဘဲသည် ရှားပါးတိရိစ္ဆာန်ဖြစ်နေခဲ့မည်ဆိုလျှင် ကျွန်မ အတွက် ပိုတာဝန် ကြီးချေမည်။ လွန်ခဲ့သော ၃နှစ် ခန့်က ဖတ်ခဲ့ဖူးသော အကြောင်း အရာတစ်ခုရှိသည်။ ကာဇာဆတန် နိုင်ငံတွင် လူတစ်ယောက် သူ့အိမ် ခပ်လှမ်းလှမ်း တစ်နေရာ၌တွေ့သော ကျားတစ်ကောင်အား ဖမ်းချက် စားခဲ့သည်။ နောက် သူ၏အိမ်သို့ အာဏာပိုင်များရောက်လာချိန်သိလိုက်ရသည်က သူပစ် ခဲ့သော ကျားသည် သူတို့နိုင်ငံ၌ မျိုးတုန်း ပြောက်ကွယ်သွားပြီ ဖြစ်သော ကျားမျိုးစိတ်၏ နောက် ဆုံးလက်ကျန်တစ်ကောင်တည်း သောကျားဖြစ်သည်။ အာဏာပိုင်များက ထိုကျားအား မျိုးဖောက်ဖို့ ကြိုးစားရင်း ခြံခတ် မွေးမြူ ထားခဲ့သည်။ ထိုလူ၏ အဆိုအရ ကျားသည် နယ်ကျွံ့ပြီး သူ့အိမ်နား ရောက်လာ၍ ပစ်ခတ်သည်ဟု ပြန်လည်ချေပသည်။ ထိုသို့ဆိုစေ ကာမူ မိမိလျှာဖျား လက်နှစ် သစ်စာ အရသာခံရန်  မိမိတိုင်း ပြည်အတွင်း ကျားမျိုးဆက် ပြတ် သွားရသည့်ကိစ္စသည် အကယ်၍ သာ
ထိုသူသည် အရာအရာ အလေး အနက်ထား တတ်သူဆိုလျှင် တစ် သက်လုံး ကိုယ့်ကိုယ်ကို
အပြစ်တင် မဆုံး ဖြစ်သွားရမယ့် ကိစ္စပင် ဖြစ်သည်။
          ဤကိစ္စလေးမှာ ဘာမှမဟုတ် သလို ပြီးသွားခဲ့ သော်လည်း ဤကိစ္စနှင့်ပတ်သတ်၍ ခေါင်းထဲ တွင် ၀င်လာသည့် အတွေး လေးများရှိသည်။ ပထမဆုံး နေဖြင့် စာသုံးသူများ၏ မသိမှုဖြစ် သည်။ စားသုံးသူများ အနေဖြင့် သူတို့စားမည်ဆိုသော အသား သည် ဘေးမဲ့တောထဲ ကလာ သည်လား၊ မွေးမြူရေးခြံတွင်းမှ လာသည်လား၊ မျိုးတုန်းပြောက် ကွယ်မည့် စာရင်းထဲပါနေသည့် တိရိစ္ဆာန်လား စသည်ဖြင့် မသိနိုင်ပါ။ မီနူးပေါ်တွင် တွေ့လျှင် စားမည်၊ စားကောင်းသည်ပြောလျှင် စားမည်။
ထိုအစားအသောက် ဘယက်ကလာသည်၊ ဘယ်လို လာ သည်ဟူသော အတွေးမျိုး၊ သတိမျိုးမရှိချေ။ ကျွန်မအနေဖြင့် လည်း ဒေသစာစားမည်ဟူသည့် ဆန္ဒများသွားသဖြင့် သတိလက်လွတ် သွားသည်။ ရေဘဲကြော်ကို မြင် မြင်ချင်း ဒီအကောင်တွေ့ နေကျ အကောင်မဟုတ်ဟု ထင်လိုက်မိ သေးသည်။ သို့သော် ကန်ပေါ်၌ ရေဘဲလေးများ ပြေးနေသည်ကို ရှေ့ကတွေ့ထားသည်ကို ပြန်မြင် ပြီး
မွေးမြူထားသည့် တိရိစ္ဆာန်ပဲ လေဟူသော အတွေးဝင်ကာ စိတ်ချ လက်ချစား မိသည်။
ဖြစ်သင့် သည်မှာ မိမိစားသည့် အစား အသောက် ဘယ်က လာသလဲ ဆိုသည်ကို တတ်နိုင်သမျှ သိ အောင် မေးမြန်းပြီးမှ စားသည့် အကျင့်မျိုးထားသင့်သည်။ ကျွန်မ သိထားသည့် ပုံစံ ထူးထူးဆန်းဆန်းနှင့် သတ်သတ် လွတ် စားသော သူငယ်ချင်း အချို့ရှိသည်။ သူတို့က သူတို့ ကိုယ်သူတို့ အချိန်အခါလိုက် သတ်သတ်လွတ် သမားဟု ခေါ် သည်။ သူတို့က များသော အား ဖြင့် အသီးအရွက်စားသည်။ အသား ဆိုလျှင် အရင်ဆုံး မေးမြန်းသည်။ ထိုအသားသည် ကျန်းကျန်းမာမာ
ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ရသည့် တိရိစ္ဆာန်မှ လာသည့် အသား ဟုတ်ရဲ့လား၊ ဂေဟ၊ ပတ်ဝန်း ကျင် ပြဿနာများနှင့် ညိစွန်းမှု ကင်းရဲ့လား စသည်ဖြင့် မေးမြန်း ပြီး စိတ်ကျေနပ် လုံခြုံမှုရှိမှ စားလေ့ရှိသည်။ သူတို့စားသည့် တိရိစ္ဆာန်များသည် အသက်ရှင်စဉ် က ၀၀လင်လင် ပျော်ပျော်ရွှင်ရွှင် နှင့် ကောင်းကောင်း စားသောက် နေခဲ့ရမည်။ နောက်ဆုံး အသတ် ခံရသည့် အချိန်တွင်လည်း
နာကျင်မှု အနည်းဆုံးဖြင့် သေခဲ့သည့် တိရစ္ဆာန်ဖြစ်ရမည်ဟူသည့် ခံယူ ချက်ကို လက်ကိုင်ထားပြီး ထို အချက်များအား ရှင်းလင်းစွာ ဖြေရှင်းပေးနိုင်သော ဆိုင်တွင် သာ ၀ယ်ယူစားသုံးသည်။ စားခါ နီး မေးရမြန်းရ အလုပ်ပိုသဖြင့် အများစုမှာ သူတို့ အတွင်းကျကျ သိထားသည့် စားနေကျ ဆိုင် များမှာသာ အသားကိုသာစားပြီး ခရီးထွက်လျှင် ကျန်စားသောက် ဆိုင်များမှ အသားလုံးဝ မစား
သည့် အခြေအနေသို့ ရောက်သွား ကြသည်။ ကျွန်မအနေဖြင့် သူတို့ လောက် လိုက်မလုပ်နိုင်လျှင်ပင် တာဝန်သိစိတ် ဖြင့် သတိလေး ထား သင့်ခဲ့သည်။
သတိလက် လွတ် စားခြင်းထက် အကြောင်းစုံ သိပြီး အသိ၊ သတိဖြင့်စားချင်းက ပို၍
သင့်လျော်သည်ဟု ယူဆ သည်။ ဒုတိယအချက်မှာ သက်ဆိုင် ရာ တာဝန်ရှိ အာဏာပိုင်များ၏ ကိစ္စဖြစ်သည်။ စားသုံးသူ တစ်ဦး က စားခါနီး အမြဲသတိရှိ နေရ မည်ထက် တာဝန်ရှိသူများမှ သတိ
ပေးရမည်။ ကြေငြာချက်များ စားသုံးသူအများ သိစေရန် ထုတ် ပြန်ပေးထားရမည်။ စားသုံးများ အနေဖြင့် ဒေသခံ မဟုတ်လျှင် သိဖို့ရာ ခဲယဉ်းသည်။ သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် ဆိုင် ပိုင်ရှင်များအား ပညာပေးသည် ကတစ်နည်း၊ ထို့အတူ စားသုံးသူ များအား သတိပေးသည်က တစ်နည်း ကြပ်ကြပ် မတ်မတ်ပြုသင့်သည်။ တတိယအချက်မှာ အစ်မနှင့် ကိုစိုးနိုင်ကဲသို့ တာဝန်
သိစိတ်ဖြင့် လက်တွေ့ ရှောင် ကျဉ်နေသူများရှိသည်ကို တွေ့ရ သဖြင့် ၀မ်းသာမိသည်။ သူတို့ တတွေသာ သိတတ် နားလည် ရုံတင်မကဘဲ လက်တွေ့ ကျင့်သူများ အမြောက်အများ ရှိသင့် သည်ဟု ယူဆမိပါသည်။ စာဖတ်သူများအနေဖြင့် အင်းလေးသို့ အလည်တခေါက် ရောက်သည့်အခါ ကျွန်မတို့ နိုင်ငံ အတွင်း ဒေသအတွင်းသို့ အလည် လာသည့်၊ ခေတ္တခဏ နားခိုလာ သည့်
ထိုဧည့်သည် ငှက်ကလေး များအား ဖမ်းဆီးရောင်းချ နေ သည်ကိုတွေ့လျှင် မ၀ယ်ယူမိစေ ရန် သတိထားစေချင်သလို မစားမိ စေရန်လည်း ဂရုစိုက်သင့် စေချင် ပါသည်။ အင်းလေးဒေသ၌ သာမက အခြား အရပ်ဒေသများ၌လည်း ထိုကဲ့သို့ ဘေးမဲ့ ပေးထားသောငှက်များ တိရိစ္ဆာန် များအား ဖမ်းဆီး သတ်ဖြတ်ခြင်း မှ ကင်းဝေးလာပါက ကျွန်မတို့၏ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ကိစ္စသည်လည်း အောင် မြင်မှာမလွဲပေ။  
ဖူးပြည့်စုံ