Friday, July 6, 2012

ဇီဝလောကမှ ဖုတ်ဝင်ခြင်းအကြောင်းများ


           မနေ့ည အိပ်ခါနီးချိန် ၌ ဖေဖေက သူဆီပို့လာသော စာမူအကြောင်း ကျွန်မအား လှမ်းပြောသည်။ အကြောင်းအရာက ဖုတ်ဝင်တဲ့ မိန်းမကြီးတယောက်အကြောင်းဖြစ်ပါသည်။ ဖုတ်ဝင်သည့်အကြောင်းက ကျွန်မအနေနဲ့ နားထောင်ရသည်မှာရိုး ၍ နေပါပြီ။ သို့သော်လည်း စာမူပို့သူက ဖေဖေနှင့် ရင်းနှီးသူဖြစ်သည်ကတကြောင်း၊ သူတကယ့်အတွေ့ကြုံဖြစ်သည်က တကြောင်းကြောင့် စိတ်ဝင်တစားနားထောင်ဖြစ်ခဲ့သည်။ ဖုတ်ဝင်သောသူမှာ စာမူပို့သူ၏ အဒေါ်ဆိုသူဖြစ်သည်။ သူကို့သေပြီဟု ထင်ကြသော်လည်း အသက်များပြန်ရှု၊ အစားများ ပြန်စားသဖြင့် မသေသေးဟုထင်ကာ သူစားချင်သမျှ ကျွေးကြသည်။ ရက်အနည်းငယ်ကြာလာသောအခါ သူ့အပြုအမူများပုံမှန်မဟုတ်သည်ကို သတိထားမိလာသည်။ မနက်၊နေ့လည်ဆိုလျှင် တနေကုန် ဘယ်သူမှနှင့် စကားမပြောဘဲ အိပ်ရာထဲတွင်သာလှဲနေသည်။ ညနေစောင်းပြီးဆိုတာနှင့် အသားများ တောင်း ၍ စားသည်။ သားဖြစ်သူမှာလည်း သူ့အမေ ဖုတ်ဝင်သည်ကို ရိပ်စားမိ ၍ အောက်လမ်းဆရာနှင့် ခေါ်ပြသည်။ အောက်လမ်းဆရာကလည်း ဖုတ်ဝင်နေတာ အမှန်ဖြစ်သည်ဟု အတိပြုပြီး ဖုတ်ထွက်ရန်စီ၇င်သော်လည်း အဘွားကြီးမှာ ထသောင်းကျန်းသဖြင့် အောက်လမ်းဆရာလည်းမတတ်နိုင်သည့်အဆုံးထွက်ပြေးရသည်။ သည်လိုနှင့် မတတ်နိုင်သည့်အဆုံး အဘွားကြီးတောင်းသမျှ ကျွေးနေကြရသည်။ နောက်ဆုံး မိတ်ဆွေတယောက် မိတ်ဆက်ပေးမှုနှင့် ဟန္ဒူ ဆရာတယောက်နှင့် ဆက်မိသွားပြီး ထိုဆရာဆီသို့ သားဖြစ်သူကသွားရောက်အကူအညီတောင်းသည်။ ဆရာကလည်း အာရုံခံကြည့် ၍ ဒီမိန်းမကြီးကို ငါ့ဆီခေါ်မလာခင် အရင် သူအိပ်တဲ့ ကုတင်တိုင်လေးတိုင်မှာ သံလေးချောင်းသွားရိုက်ထားဟု မှာလိုက်သည်။ သို့နှင့် သားဖြစ်သူလည်း ပြန်လာပြီး ကုတင်တိုင်လေးတိုင်တွင် သံရိုက်ရန်ပြုလုပ်သည်။ ထိုတွင် မိန်မကြီးမှာ စူးစူးဝါးဝါးနှင့် နင်က နင်မိဘကို နင်ပြန်သတ်ချင်တာလား၊ ငါ နင့်အမေဟဲ့ အော်ဟစ် ဆဲဆိုသည်။ သားလုပ်သူမှာလည်း ဂရုမစိုက်ဘဲ လုပ်စရာရှိသည့်အလုပ်ဆက်လုပ်ကာ တိုင်လေးတိုင်တွင် သံလေးချောင်းရိုက် ၍ အပြီးတွင် အဘွားကြီးမှာ နေရာတွင်လဲ ၍ အသက်မရှိတော့သည်ကို တွေ့ရသည်။ 



 


ဇီဝဗေဒပညာသင်ယူနေသူ ကျွန်မတယောက်၊ ဖေဖေ့ဇာတ်လမ်းအဆုံး ၌ ကျောင်းတွင် လေ့လာခဲ့ဖူးသည့် ဇီဝလောကမှ ဖုတ်ဝင်တိရိစ္ဆာန်များအကြောင်း ခေါင်းထဲတွင် ဆက်စပ်၍ ပေါ်လာသည်။ တိရိစ္ဆာန်ဟုဆိုသော်လည်း အင်းဆက် ပိုးမွှားများ ၌ ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ် မြို့တမြို့မှ ပုရွက်ဆိတ်လေးများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ထူးခြားသည့် အပြုအမူကို သိပ္ပံပညာရှင်များတွေ့ရှိခဲ့သည်။ အဖြစ်အပျက်မှာ ပုရွက်ဆိတ်လေးများသည် နွားများ၊သိုးများ ကျက်စားသည့် နေရာတွင် မြက်ပင်ထိပ်၊ ပန်းပွင့်ထိပ်ပိုင်းသို့တက်လာပြီး မလှုပ်မယှက် နွားများ၊သိုးများ အစားခံရန် စောင့်နေကြခြင်းဖြစ်သည်။ နို့တိုက်သတ္တ၀ါများကဲသို့ အဆင့်မြင့်သော တိရိစ္ဆာန်မဟုတ်သော်လည်း သဘာဝအရပေးထားသောအသိအရ သူတို့လည်း အန္တရာယ်လာလျှင် ရှောင်ရှားတတ်ပါသည်။ သို့သော် ထို ပုရွက်ဆိတ်များသည် နွားများ လာသည်ကို သိနေလျှက်နေပင် ပေ ၍ မလှုပ်မယှက် နေရာမှ မရွှေ့ခြင်းကြောင့် ၄င်းအပြုအမူသည် သာမန်မဟုတ်သည့် မိမိကိုယ်ကိုယ်အဆုံးစီရင်သည့် ကိစ္စဖြစ်သည်ဟု ဇီဝဗေဒပညာရှင်များက သုံးသတ်သည်။ နောက်ယောင်ခံလေ့လာမှုပြုလိုက်သောအခါ ထိုပုရွက်ဆိတ်များ၏ စိတ်သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ပိုးမွှားများ၏ ၀င်စီးခြင်းကို ခံနေရပြီး ထိုပိုးမွှားများ စေခိုင်းသည့် အတိုင်းလိုက်လံပြုမူခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အား သိပ္ပံပညာရှင်များက Parasitic Mind Control သို့မဟုတ် ကပ်ပါးကောင်များ စိတ်ကို ထိန်းချုပ်ခြင်း ဟု သမုတ် ၍ ထိုအစီးခံထားရသော ပုရွက်ဆိတ်များကိုလည်း Zombie Ants သို့မဟုတ် သေရာမှထလာသော ပုရွက်ဆိတ်များဟုခေါ်ကြသည်။
ထိုအဖြစ်အပျက်များ၏ အစမှာ အကောင်သာငယ်သောလည်း ရည်မှန်းချက်ကြီးလှသည့် ကပ်ပါးကောင်၊ Liver Fluke များကြောင့်ဖြစ်သည်။ ထိုကပ်ပါးကောင်များသည် သာမန်မျက်စိဖြင့်မမြင်နိုင် နာနာဘ၀လိုမျိုးလှည့်လည်သွားလာနေကြသည်။ အထူးသဖြင့် ပက်ကျိ၊ ခရုများ၏ ချွဲကျိကျိအရည်များထဲတွင် သူတို့၏ ဥများပါဝင်နေတယ်။ ပက်ကျိများက ပန်းခင်းများအတွင်း တရွတ်တိုတ် လှည့်လည်သွားလာရင် သူတို့၏ အရည်များက သွားရာလမ်းတလျောက် ကပ် ၍ ကျန်ရစ်ခဲ့သည်။ ထိုအနီးအနားပတ်ဝန်းကျင်တွင် ပုရွက်ဆိတ်လေးများက အုပ်စုဖွဲ့ အစာရှာထွက်နေကြသည်။ ထိုပက်ကျိ၏ အချွဲအညှိများသည် ပုရွက်ဆိတ်များ အာဟာရဖြစ်စေနိုင်သည့် ဓာတ်များပါဝင်သဖြင့် ပုရွက်စိတ်များက နှစ်ခြိုက်စွာ စားသုံးကြသည်။ ထိုသို့ ပုရွက်ဆိတ်များစားသုံးပြီး ပုရွက်ဆိတ်ကိုယ်အတွင်းရောက်သည်နှင့် ကပ်ပါးကောင်များက သူတို့၏ အစီအစဉ်အားစတော့သည်။ ဦးခေါင်းပိုင်းသို့ရောက်အောင်တက်သွားပြီး ဦးနှောက်နှင့် အာရုံကြောမကြီးအား အမိအရထိန်းချုပ်သည်။ ဦးနှောက်အား ထိန်းချုပ်ပြီးသည်နှင့် driver seat ၌ ၀င်ထိုင်လိုက်သော ကားဆရာကဲ့သို့ ပုရွက်ဆိတ်၏အပြုအမူများအား ထိန်းချုပ်တော့သည်။ သို့သော် သူတို့၏ နောက်ဆုံးသွားချင်သည့် နေရာက ပုရွက်ဆိတ်များအတွင်းသို့ မဟုတ်သေးချေ။ သူတို့က နေသေးသပ ချုံထဲက ဆိုသည့်အတိုင်း ပန်းခြံများအတွင်းလျှောက်သွားနေသာ ပက်ကျိများနှင့် ပုရွက်ဆိတ်များအား အတွင်းနေထိုင် အသုံးချပြီး  နောက်ဆုံး နွားများ သိုးများ၏ အသည်းထဲသို့ဝင်ကာ အစားကောင်းအသောက်ကောင်းစား ၍ ကြီးထွားကြီးပွားရန် ကြံစည်ထားသည်။
          ထို ၀င်စီးခံထားရသော ပုရွက်ဆိတ်များသည် အစီးခံရသည့်အချိန်မှ စ ၍ ယခင်လို မိမိပုရွက်အုပ်အတွက်အလုပ်မလုပ်ကြတော့၊ ကပ်ပါးကောင်းများ၏ အမိန့်ကိုသာ နာခံပြီး တကောင်တည်း သီးသန့်နေလာကြသည်။ ကပ်ပါးကောင်များက မီးခလုတ်များ ဖွင့်၊ပိတ်သလို ပုရွက်ဆိတ်များ၏ ပုံမှန်စိတ်ကို အဖွင့်အပိတ်လုပ်ပေး ၍ ထိန်းချုပ်သည်။ သူတို့ ထိန်းချုပ်နေသသော ပုရွက်ဆိတ် အာဟာရမပြတ်လတ်စေရန် သာမန်အချိန် ၌ ပုရွက်ဆိတ်များ၏ ပုံမှန် ဦးနှောက်အား ဖွင့်ထားပေးသည်။ ထိုအခါ ပုရွက်ဆိတ်များသည် ပုံမှန်အတိုင်း သူတို့ခန္ဓာကိုယ်အတွက် လိုအပ်သည့် အစားအသောက်အား ရှာဖွေစားသောက်သည်။ ထိုအစီးခံထားရသော ပုရွက်ဆိတ်များ ထဖောက်လာသည့် အချိန်မှာ နွားများ၊သိုးများ သူတို့အနီးအနားသို့လာ၍ ပန်းပင်များ၊ မြက်များအား လာရောက်စားသောက်ချိန်ဖြစ်သည်။ နွားများမပြောနှင့်၊ ပုရွက်ဆိတ်အုံအား တုတ်နှင့် လှမ်းထိုးကြည့်လျှင်ပင် ၇ှဲကနဲ ထွက်ပြေးကြသည်မဟုတ်ပါလား။ သာမန် ပုရွက်ဆိတ်ဆိုလျှင် နွားလာသည်နှင့် အရပ်လိုဆိုလျှင် "ဟဲ့ သောက်ပလုတ်တုတ်၊ နွားကြီးလာပြီ၊ ပြေးဟေ့ပြေး" ဆိုပြီး အလန့်တကြားပြေးမည်၊ တွင်းထဲသို့ ဆင်းပြေးမည်၊ ချုံပုတ်ကြားသို့ထွက်ပြေးမည်။ အစီးခံထားရသော ပုရွက်ဆိတ်များက ထိုသို့မဟုတ်။   ကြောင်တောင်တောင်နှင့် မြက်ပင်များ၊ ပန်းပွင့်ထိပ်များသို့ တက်သွားသည်။ ပွင့်ဖတ်များ၊မြက်အဖျားများကို ပါးစပ်က ကိုက် ၍ မီးဆိုင်းလေးများကဲ့သို့ မြက်ပင်ဖျား၊ ပန်းပွင့်ဖျား တွင် မလှုပ်မယှက်တွဲလောင်းခိုနေလိုက်သည်။ နွားများက ပန်းများ၊ မြက်များကို စားသောအခါ ထိုအစီးခံထားရသော ပုရွက်ဆိတ်များ ပန်းများ၊မြက်များနှင့်အတူ နွားပါးစပ်တွင်းသို့ ပါသွားကာ အစားခံလိုက်ရလေသည်။ နွားကိုယ်တွင်းသို့ရောက်သည်နှင့် ထို ကပ်ပါးကောင် များက Liver Fluke ဟုဆိုသည့်အတိုင်း နွား၏ အသည်းရှိသည့်နေရာသို့သွားသည်၊ နွား၏ သည်းချေ အိတ်အတွင်းမှ သည်းချေရည်များကို စားသုံး ၍ သံကောင်အဖြစ်ကြီးထွားလာသည်။ နွားသည်လည်း တဖြည်းဖြည်း အင်းအားချိလာသည်။ သို့သော် နွားသည် သေတော့ မသေချေ။ နွားမစင်စွန့်သောအခါ နွားမစင်များနှင့်အတူ ထိုကပ်ပါးကောင်များ၏ ဥများပြန် ၍ ပါသွားသည်။ ထိုနွား၏ စွန့်ပစ်အညစ်အကြေးများအား လှည့်လည်သွားလာနေသော ပက်ကျိများကတွေ့သော် မြိန်ရည်ယှက်ရည်စားသုံးသည်။ ဤသို့နှင့် သံသရာလည်ချေသည်။
Parasitism ဆိုသည်မှာ ကပ်ပါးကောင်များမှ အခြားလက်ခံ သတ္တ၀ါတကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ၀င် ၍ ထို မိမိနေထိုင်စားသောက်ဖို့အတွက် သတ္တ၀ါအကျိုးစီးပွားပျက်ရာ ပျက်ဆီးကြောင်းပြုလုပ်ကာ ကပ် ၍နေထိုင်ခြင်းကိုဆိုလိုသည်။ ကျွန်မတို့ ခန္ဓာကိုယ်တွင်းတွင်လည်း ကပ်ပါးကောင်များ ရှိပါသည်။ သံကောင်များသည် ကပ်ပါးကောင်အမျိုးစားထဲတွင်ပါဝင်သည်။ သို့သော် သူတို့က လူ့ဗိုက်တွင်းမှ စားကြွင်းစားကျန်များကို စား ၍လူ၏ အသက်အန္တရာယ်ပေးနိုင်ချေနည်းပါးသည်။ ထို Parasitic Mind Control လုပ်ခြင်းသည် သတ္တ၀ါတကောင်အား အပြီးအပိုင်ထိန်းချုပ်လိုက်သဖြင့် အစွန်းရောက် Parasitism ကပ်ပါးနေခြင်းတမျိုးဖြစ်သည်။  ထိုဖြစ်စဉ်သည် ကြောက်စရာ၊ အသည်းယားစရာကောင်းလှသဖြင့် အလိုက်ဖက်ဆုံး ဖုတ်ဝင်သည်သုံးနှုန်းလိုက်ပါသည်။
ထို စိတ်ထိန်းချုပ်သည့် ကပ်ပါးကောင်များထဲတွင် နာမည်ကြီး ကပ်ပါကောင်တမျိုးရှိပါသေးသည်။ သူကတော့ မြန်မာအခေါ်အရ နဂျီ ကောင်၊ အင်္ဂလိပ်လိုဆိုလျှင် wasp ဖြစ်ပါသည်။ နဂျီကောင်တိုင်းတော့ မဟုတ်ပါ၊ အချို့  နဂျီမျိုးစိတ်များသာလျှင် စိတ်ထိန်းချုပ်ခြင်းကို တတ်နိုင်ကြသည်။ သူတို့၏ လက်ခံကောင်များကတော့ လိပ်ပြာများဖြစ်လာမည့် ပိုးတုံးလုံးများဖြစ်သည်။ နဂျီကောင်သည် ပိုးတုံးလုံးကောင်၏ ကိုယ်တွင်းသို့ သူ၏ ဥများ ထိုးသွင်းလိုက်သည်။ ဥများမှ အကေင်များပေါက်လာပြီး ပိုးလောက်လန်းကဲ့သို့ အကောင်လေးများဖြစ်လာသည်။ ထိုအကောင်များသည် ပိုးတုံးလုံးတွင်းမှ  သွေးနှင့်တူသော ကိုယ်တွင်းအရည်များကို စားသုံးပြီး ကြီးထွားလာကြသည်။ ပိုးတုံးလုံး၏ ခန္ဓာကိုယ် အရေပြားသည်မာသဖြင့် သူတို့ ကြီးထွားနေချိန်အတွင်း အကာအကွယ်တခုဖြစ် ၍ နေသည်။ သို့နှင့် သူတို့ ထွက်ချိန်တန်သောအခါ သူတို့၏ အစွယ်ပါသော သွားများဖြင့် ကိုက်ဖဲ့ ၍ ပိုးတုံးလုံးကိုယ်တွင်းမှ ထွက်လာကြသည်။ ထိုသို့ ထွက်လာချိန်အတွင်း အဆင်ပြေစေရန် ဓာတုဗေဒပစ္စည်းတမျိုး ခန္ဓာကိုယ်မှထုတ်လွှတ် ၍ ပိုးတိုးလုံးအား အကြောသေကာ ငြိမ်နေစေရန်ပြုလုပ်ထားလိုက်သည်။ စိတ်ရှိလက်ရှိ အကောင် ၃၀၊ ၄၀ ဖောက်ထွက်ပြီး အားလုံးလွတ်လာသောအခါ သူတို့ကိုယ်သူတို့ ကာကွယ်ရန်ပိုးမျှင်အိမ်များ စတင်တည်ဆောက်သည်။ ထိုပိုးမျှင်အိမ်များအတွင်းနေထိုင် ကြီးထွားပြီးလျှင် သူတို့သည် နဂျီကောင်များအဖြစ်သို့ရောက်ရှိပြီဖြစ်သည်။ ဤတွင် ပိုးတုံးလုံးသည် ထူဆန်းသည့်အပြုအမူများ စတင်ပြုလုပ်ချေပြီ။ သုသေသနပညာရှင်များက ပိုးကောင်များထွက်ပြီးချိန်တွင် နဂျီကောင်ထိုးထည့်သွားသော ဗိုင်းရပ်များ သည် ပိုးတုံးလုံး၏ ခေါင်းအတွင်းသို့ရောက်ကာ ၀င်စီးခံလိုက်ရပြီဟု မှတ်ချက်ပြုသည်။ ထိုအချိန်တွင် အတွင်းမှ ပိုးကောင်များဖောက်ထွက်ထား ၍ အနာဗလပွနှင့်ဖြစ်နေသာ ပိုးတုံးလုံးသည် ဖုတ်ဝင်သည့်နှယ် သူနှင့် သွေးမတော် သားမစပ်၊ အခြား တိရိစ္ဆာန်များနေရန်အတွက် ကူ ၍ ပိုးမျှင်နှင့် အိမ်စဆောက်ပေးသည်။ အတွင်းမှ အကောင်များ လုံလုံခြုံခြုံရှိစေ၇န် ပိုးမျှင်များဖြင့် အထပ်ထပ်ကာရန်ပေးသည်။ ကြောက်စရာကောင်းသည့် အပြုအမူသည် ထိုမျှဖြင့် မရပ်သေးချေ။ ပိုးတုံးလုံးသည် စိတ်ပို ၍ ဆတ်လာပြီး ရန်လိုလာသည်။ ထိုနဂျီကောင် ပိုးလောင်းများရှိသော ထိုပိုးအိမ်ပေါ်တွင် နေ ၍ လာသမျှ အကောင်များအား မောင်းထုတ်ချေသည်။ ထိုထက်ဆိုးသည်မှာ ပိုးတုံးလုံးသည် သူ့အတွက်သူ အစာရှာခြင်းအား လုံးဝရပ်တန့်လိုက်ပြီး ထိုပိုးအိမ်အနီး ၌ နေရင်း နဂျီကောင်သားလောင်းများအား ကာကွယ်ပြီး အစာအငတ်ခံကာ သေဆုံးလေသည်။ 
             နောက်ဆုံးအနေဖြင့် Cordyceps ခေါ် ကပ်ပါးမှို (Parasitic Fungi) အကြောင်းဖြစ်သည်။ ဤမှိုများသည် သူတို့၏ မျိုးပွားဝတ်မှုန်များကို လေဖြင့် သယ်ဆောင်ဖြန့်ခြင်းဖြင့် ပြန့်ပွားသည်။ ထိုဝတ်မှုန်များအား တောအုပ်အတွင်း ၌ သွားလာစားသောက်နေသော Carpenter Ant ခေါ် ပုရွက်ဆိတ်များက တွေ ၍ အမှတ်မထင်စားမိသည်။ စားမိသည်နှင့် ထိုပုရွက်ဆိတ်သည် ယိုင်ထိုးယိုင်ထိုးဖြစ်လာသည်။ မှို၏ ၀တ်မှုန်များသည် ပုရွက်စိတ်၏ ဦးနှောက်အား ၀င်စီးလိုက်ချေပြီ။ အစီခံရသော ပုရွက်ဆိတ်သည် မြေကြီးပေါ်မှတဆင့် အပင်၊ အကိုင်းအခတ်အဖျားသို့ တက်သွားသည်။ ကျွန်မအထင်အရ မှိုမှပါဝင်သော ပိုးမွှားများက ၀တ်မှုန်ပြန့်ပွားရန် လေလာရာ အထက်ဖက်ဆီသို့ ပုရွက်ဆိတ်များအား ခေါ်ဆောင်သွားဟန် တူပါသည်။ ထိုနောက် အကိုင်းတကိုင်းအား သူ၏ ဦးချို၊ လက်များ၊ ခြေထောက်များဖြင့် ခိုင်ခိုင်မြဲမြဲဆုပ်ကိုင် တွယ် ၍ နေလိုက်သည်။ ထို အစီးခံရသော ပုရွက်ဆိတ်များအား အခြား လုပ်သား ပုရွက်ဆိတ်များ တွေ့လျှင် အရပ်လိုဆိုပါက " ဒီကောင်တော့ မဟန်တော့ဘူး ရွာပြင်ထုတ်မှ"ဟူသည့် ဟန်ဖြင့် သူတို့ ပုရွက်အုံနှင့် ဝေးရာတနေရာ ၌ သွားေ၇ာက် လွှင့်ပစ်သည်။ အခြားပုရွက်ဆိတ်များ စိုးရိမ်လည်း စိုးရိမ်ရလောက်သည်။ ၃ပတ်ခန့်ကြာသောအခါ ထိုအစီးခံရသော ပုရွက်ဆိတ်ခေါင်းမှ ပဲပင်ပေါက်သ ဏ္ဍာန် မှိုပွင့်များထွက်လာသည်။ မှိုပွင့်များသည် ပုရွက်ဆိတ်၏ ခန္ဓာကိုယ်တွင်းမှ အသားများအား စားသုံးကြီးထွားလာကြခြင်းဖြစ်သည်။ ထိုသို့ထွက်လာပြီးလျှင် ထိုမှိုများသည် ၀တ်မှုန်များ ထုတ်လွှတ်ကာ သူ့အား လက်ခံမည့် ပုရွက်ဆိတိအား ရှာဖွေပေဦးမည်။
ကျွန်မ ဤအကြောင်းအ၇ာများကို စစလေ့လာရခြင်း သြော်.. ရက်စက်လှချည်လား၊ လုပ်ရက်လှချည်လား လောကကြီးရယ်ဟု စိတိ်ထဲဝင်မိသည်။ ဇီဝဗေဒသဘောတရာများဖြင့် ပြန်တွေးကြည့်လျှင် သတ္တုဝါတိုင်းသည် မိမိတို့ရှင်သန်၊မျိုးပွား ၍ မိမိတို့မျိုးဆက်များ ကျန်ရစ်နေစေရန် သူ့နည်းသှူုဟန်ဖြင့် ကြိုးစားနေသည်ချည်းဖြစ်သည်။ လူသားများသည် မျိုးဆက်ကျန်ရစ်ရန် လိင်ဆက်ဆံ ၍ ကလေးမွေးသည်။ ကလေးများကလည်း သူတို့ ရှင်သန်ကြီးထွားရန် မိခင် ၀မ်းတွင်း ၉လနေကြသည်၊ အပြင်ရောက်သောအခါ မိဘ၏ အုပ်ထိန်းမှုစောင့်ရှောက်မှုအောက်တွင် နေထိုင်ကြီးပြင်းသည်။ ဥသြငှက်များက မိမိ၏ ကလေးအား တခြားငှက်မိခင်ဖြင့် ပစ်ထားလိုက်သည်။ တခြားငှက်မိခင်ကလည်း သူ့ကလေး၊သူ့မျိုးဆက်အမှတ်နှင့်ပြုစုစောင့်ရှောက်သည်။ ဥသြငှက်အကောင်ပေါက်လာသောအခါ လက်ခံထားသောမိခင်၏ ကလေးများကို အသိုက်မှတွန်းချ ၍ သူလိုအပ်သောအစာအား တောင်းရမ်းစားကာ ရှင်သန်ကြီးထွားသည်။ စိတ်ကို ထိန်းချုပ်သည့် ကပ်ပါးနေခြင်းသည်လည်း အလားတူ သဘာဝ၏ လုပ်နည်းလုပ်ဟန်တခုတွင်းမှ တခုသာဖြစ်သည်။ ပုံစံမတူသောလည်း ရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်ချေသည်။ ရှင်သန်၊ကြီးထွား၊ မျိုးပွားရန်သာတည်း။ 


ဝဲမှယာ >> ၀င်စီးခံထားရသော ပုရွက်ဆိတ်များ ပွှုင့်ဖတ်များပေါ်တွင် တွဲလောင်းခိုနေပုံ၊ 
                    ပိုးတုံးလုံးကိုယ်အတွင်းမှ နဂျီကောင် သားလောင်များ ဖောက်ထွက်လာကြပုံ၊
                    ပိုးတုံးလုံးသည် နဂျီကောင် သားလောင်းများအတွက် အိမ်ဆောက်ပေးပြီး  ကာကွယ်စောင့်ရှောက်နေပုံ၊
                    ပုရွက်ဆိတ်ဦးခေါင်းမှ မှိုဖောက်ထွက်လာပုံ။ 




No comments:

Post a Comment

Note: Only a member of this blog may post a comment.