Friday, July 27, 2012

ဂျပန်တို့ဟူး ဗူးညွန့်ကြော်

ဒါလေးကတော့ တလောက အသိတယောက်အိမ်မှာ နေ့လည်စာ ဗူးညွန့်ကြော်လေးချက်ထားတာတွေ့လို့ စားကောင်းတာနဲ့မေးကြည့်ခဲ့တာပါ။ လွယ်လွယ်ကူကူနဲ့ အရသာလည်း ထူးခြား၊ ကျန်းမာရေးလည်း ညီညွတ်တာကြောင့် Share လိုက်တာပါ။ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ ဆီသတ်တာနဲ့တင် အနံ့ကတော်တော်မွှေးနေပါပြီ။ ကိုယ့် စိတ်ကြိုက် ဂျပန်တို့ဟူးနဲ့ အရသာပိုကောင်းမယ်ထင်တာနဲ့ ခရုဆီနှင့် ကြက်သားမှုန့် ထပ်ထည့်ပြီးချက်လိုက်တော့ အရသာက ပိုပြီး စိတ်ဝင်စားစရာကောင်းသွားပါတယ်။ ပါတဲ့ ပစ္စည်းတွေက ရိုးရိုးလေးတွေပဲမို့ ရပ်ဝေးမှာနေတဲ့ သူငယ်ချင်းတွေ အတွက်လည်း အဆင်ပြေပါတယ်။ ချက်စားကြည့်ကြပါဦးနော်။

ပါဝင်သော ပစ္စည်းများ


  1. ဂျပန် ကြက်တို့ဟူး
  2. ဗူး ညွန့်၊ ဖရုံညွန့်
  3. ကြက်သွန်ဖြူ ၈မွှာ
  4. သံလွင်ဆီ
  5. ခရုဆီ
  6. ကြက်သားမှုန့်
  7. ဆား
  8. ငံပြာရည်
ဂျပန် ကြက်တို့ဟူးကို ကိုယ်စားချင်တဲ့ အနေတော် အရွယ်လေးများလှီးပါ။ သံလွင်ဆီကို ဆီသက်ပါ။ တို့ဟူးကို ဆီထဲတွင် အပေါ်ယံအကြောတင်းလာသည်အထိ ကြော်ပါ။ တို့ဟူးရဲ့ နှစ်ဘက်စလုံး ကို တင်းအောင် လှန်ပေးပါ။ ပြီးရင် တို့ဟူးကို ဒယ်အိုးထဲမှ ခဏထုတ်ထားလိုက်ပါ။ ပြီးနောက် ကြက်သွန်ဖြူ ၈ မွှာခန့်ကို ဓားပြားဖြင့် ရိုက်ပြီး သံလွင်ဆီဖြင့် ဆီသက်ပါ။ ဗူးညွန့်၊ ဖရုံညွန့်များကို ထည့်လိုက်ပါ။ ခရုဆီ ဟင်းခတ်ဇွန်း ၂ဇွန်းခန့်ထည့်ပါ။ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတဇွန်းထည့်ပါ။ ငံပြာရည် လက်ဖက်ရည်ဇွန်းသုံးဇွန်းစာထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး ရေကို ရေနွေးကြမ်း ပန်းကန်လုံး နှစ်လုံးစာထည့်ပါ။ တို့ဟူးများကို ပြန်ထည့်ပြီး ဖြေးဖြေးချင်းမွှေပေးပါ။ တို့ဟူးက နူးညံ့လို့ မွှေတာကြမ်းလျှင် ကြေသွားနိုင်ပါတယ်။ ပြီးရင် အဖုံးဖုံးပြီး ၃ မိနစ်ခန့်တည်ထားလိုက်ပါ။ အရွက်အနေတော်ဖြစ်ပြီဆိုရင်တော့စားလို့ရပါပြီ။ 
         

No comments:

Post a Comment

Note: Only a member of this blog may post a comment.